Saturday, January 13, 2018

ပွဲဦးထွက် မကွေးအသင်းထံမှ အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် တန်းတက် မြဝတီအက်ဖ်စီ အသင်း

MPT Myanmar National League 2018 အဖွင့်ပွဲစဉ်များတွင် သုံးပွဲကစားပြီးချိန်အထိ အနိုင်အရှုံး ရလဒ်ထွက်ပေါ်လာခြင်း မရှိသေးဘဲ သရေရလဒ်များသာ ထွက်ပေါ်ထားသည်။
ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် နာမည်ကြီး မကွေးအက်ဖ်စီအသင်းနှင့် တန်းတက် မြဝတီအက်ဖ်စီ အသင်းတို့ ပွဲတွင် အကြိတ်အနယ် ရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုများကြောင့် ဂိုးမရှိ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြန်သည်။
ပွဲတွင် မြဝတီအသင်းက ရဲဝေယံစိုး၊ဗညားဦး၊ အောင်သူ၊ သက်ပိုင်ကို၊ အောင်မျိုးထွေး စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ရဲဝေယံစိုးကို အထောင်တိုက်စစ်တွင်ထားကာ တန်ပြန်တိုက်စစ်အသုံးပြု၍ မကွေးအသင်းကို ရင်ဆိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် မကွေးအက်ဖ်စီအသင်း၏ ပွဲထွက်လူစာရင်းတွင် နန္ဒကျော်၊ ကျော်ဇင်လွင်၊ မောင်မောင်စိုး၊ အောင်မြင့်ထွန်း၊ ကျော်ဇင်ဖြိုးတို့ အပြင် မြတ်ထွန်းသစ်၊ စိုးလွင်လွင်၊ စိုးမင်းအောင် စသည့် လူငယ်ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ခဲ့သည်။
ယနေ့ပွဲတွင် မကွေးအသင်းအနေဖြင့် တန်းတက်မြဝတီ အသင်း၏ မာမာထန်ထန် တုံ့ပြန် ကစားဟန်ကြောင့် အခက်တွေ့ခဲ့ရပြီး မြဝတီအသင်း၏ ခံစစ်ပိုင်းကလည်း အကောင်းဆုံးအနေအထားတွင် ရှိနေခဲ့သည်။
ထို့အတူ မြဝတီအသင်းတိုက်စစ်မှူး ရဲဝေယံစိုးမှာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အပြင် အသင်းအတွက် အခွင့်အရေးကောင်းများ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ရာသီ ပြည်ပကစားသမား အသုံးပြုခြင်း မရှိသည့် မကွေးအသင်းသည် အချိတ်အဆက် လွဲချော်မှုများ မြင်တွေ့ခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အခွင့်အရေးအချို့ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် ပွဲဦးထွက် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

Myawady FC 0-0 Magwe(FT)