Monday, February 5, 2018

Best of the month

2018 MPT Myanmar National League ၏ ဇန်နဝါရီလအတွက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုတို့အား ရတနာပုံ အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုး နှင့် တောင်ပံကစား သမား စည်သူအောင် တို့မှ အတူတကွ ရရှိခဲ့ကြသည်။

Standing Table at Week 4


MPT Myanamr NationL League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၄) ရဲ့ ပွဲစဉ်တွေ အားလုံးက ဒီကနေ့မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းကြီး နှစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံတို့ရဲ့ ပွဲအပါအဝင် ပွဲကောင်းတွေ အများအပြား ပါဝင်ခဲ့ပြီး အသင်းကြီးတွေ ထပ်တိုက်တွေ့တဲ့ ပွဲစဉ်တွေ ဖြစ်တဲ့ ဧရာဝတီ-ရန်ကုန်ပွဲ၊ ရှမ်းယူနိုက်တက်-ရတနာပုံ ပွဲတွေက သရေရလဒ်တွေနဲ့သာ ပြီးဆုံးခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ပိုင်းမှာတော့ အပြောင်းအလဲ မရှိခဲ့တာကို တွေ့ရပါတယ်။

ပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်များ

ဧရာဝတီ ယူနိုက်တက် ၂-၂ ရန်ကုန်ယူနိုက်တက်
စစ်ကိုင်းယူနိုက်တက် ၂-၁ ဂျီအက်ဖ်အေ
ဇွဲကပင် ယူနိုက်တက် ၁-၂ ရခိုင်ယူနိုက်တက်
ဆောက်သမ်းမြန်မာ ၄-၀ မြဝတီ
ရှမ်းယူနိုက်တက် ၀-၀ ရတနာပုံ
မကွေး ၂-၀ ဟံသာဝတီ ယူနိုက်တက်


Monday, January 29, 2018

အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

၂၈ ရက်နေ့  ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းကို ၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့်လေးနေရာမှ အဆင့် ၃ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။
အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ယှဉ်ပြိုင်ခဲ့သည့် ထိုပွဲစဉ်တွင် ရှမ်းအသင်းအတွက် တိုက်စစ်မှူး ဒွေးကိုကိုချစ်က ပွဲအစ ၇ မိနစ်နှင့် တောင်ပံကစားသမား ရန်နိုင်ဦးတို့က ဒုတိယပိုင်း ၅၈ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။  ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် ကွင်းလယ်လူ မက်ဆာကီက ရယူပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းမှာ ပွဲစဉ်(၄) တွင် ရတနာပုံအက်ဖ်စီအသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာ မကွေးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

FT: Shan United 2-1 Hantharwady United

League Table Game Week3

သုံးပွဲစီ ကစားပြီးကြချိန်မှာတော့ အမှတ်ပေးဇယားကို ရတနာပုံက ရန်ကုန်ယူနိုက်တက်အသင်းအား ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက တတိယနေရာကနေ ဖိအား ပေးနေပါတယ်။ GFA FC ၊ မကွေးအက်ဖ်စီနဲ့ ဇွဲကပင်ယူနိုက်တက် အသင်းတို့က ရမှတ်လေးမှတ်စီနဲ့ အဆင့် ၄၊ ၅ ၊ ၆ မှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဧရာဝတီအသင်းက လက်ရှိချိန် ထိ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန် အထက် အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရပါသေးတယ်။
လာမယ့် တစ်ပတ်မှာလဲ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံ အက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက် တက်တို့ လို ပွဲကောင်းတွေ ရှိနေလို့ ဆက်လက်အားပေးကြ ဖို့ ဘောလုံးဝါသနာရှင် ပရိသတ်များကို ဖိတ်ခေါ်လိုက်ပါ တယ်..။


Top Goals Game Week 3

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) အပြီးမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်ကပဲ ဂိုးသွင်းအများဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ဒါပေမယ့် စည်သူအောင်အနေနဲ့ ပြီးခဲ့တဲ့ GFA FC နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဂိုးသွင်းအများဆုံး ဒုတိယ၊ တတိယ၊ စတုထ္ထနေရာတွေမှာတော့ ရှမ်းယူ နိုက်တက်အသင်းတိုက်စစ်မှူး ခရစ္စတိုဖာ၊ ဧရာဝတီအသင်းတိုက်စစ်မှူး ပက်ထရစ်၊ ရတနာပုံအသင်းလူငယ်ကစားသမား မြတ်ကောင်းခန့်တို့က သွင်းဂိုး သုံးဂိုးစီနဲ့ အသီးသီးရပ်တည်နေပါတယ်။


မကွေးဘောလုံးအသင်း ပရိသတ်များသို့ ပန်ကြားလွှာ

ဦးစွာပထမအနေဖြင့် ၂၀၀၉ ခုနှစ်မှစတင်၍ ယနေ့အထိ အစဉ်တစိုက် အားပေးလာခဲ့ကြသော မကွေးဘောလုံးအသင်း၏ ပရိသတ်များကို မကွေးဘောလုံးအသင်း၏ အုပ်ချုပ်/နည်းပြ/ကစားသမားများမှ အထူးကျေးဇူးတင်ရှိပါသည်။
မကွေးဘောလုံးအသင်းအနေဖြင့် မကွေးတိုင်းတွင် အခြေစိုက်၍ မြန်မာ့ဘောလုံးလောကတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင် အခြေစိုက်၍
ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်နေခဲ့ရပါသည်။
မကွေးဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြ/ကစားသမားများအားလုံးကလည်း မကွေးတိုင်းတွင် ကိုယ်ပိုင်အိမ်ကွင်းဖြင့် ပြိုင်ပွဲများကို လက်ခံကျင်းပပေးရန် ဆန္ဒများရှိနေကြပါသည်။ မကွေးအသင်းအနေဖြင့် မကွေးတိုင်းတွင် အခြေစိုက်ပြီး ဘောလုံးပြိုင်ပွဲများ ကျင်းပခြင်း၊ ဘောလုံးသင်တန်းများဖွင့်လှစ်ခြင်း၊ မကွေးဘောလုံးအသင်းအတွက် လူရွေးခြယ်ခြင်းများကိုလည်း ပြုလုပ်ပေးနိုင်ရန် ဆန္ဒများရှိနေပါသည်။ သို့ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ အိမ်ကွင်းလက်ခံကျင်းပပေးနိုင်ရန် အစီအစဉ်မဖြစ်မြောက်သေးသဖြင့် မကွေးအသင်း ပရိသတ်များအား လွန်စွာမှ ဝမ်းနည်း အားနာမှုများ ဖြစ်နေရပါသည်။
သို့ဖြစ်ပါ၍ မကွေးတိုင်းအတွင်း အိမ်ကွင်းလက်ခံယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အပေါ် နားလည်ခွင့်လွှတ်ပေးကြပါရန်နှင့် မကွေးအသင်းအား အားပေးမှုတွင် အဆင်မပြေမှုများရှိနေရသည့်အတွက်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
မကွေးဘောလုံးအသင်းမှလည်း ကျင်းပလျက်ရှိသော မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ တွင် အကောင်းဆုံးလေ့ကျင့်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ကတိပြုပြီး ဘောလုံးချစ်ပရိသတ်များကလည်း မကွေးဘောလုံးအသင်းအပေါ်တွင် ဆက်လက်ချစ်ခင်အားပေးကြပါရန် ပန်ကြားအပ်ပါသည်။

Tuesday, January 23, 2018

MPT Myanmar National League 2018 ပြိုင်ပွဲတွင် လအလိုက် အကောင်းဆုံးဆုများ ပေးအပ်သွားမည်

ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးတွင် တစ်လချင်းအလိုက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။ အဆိုပါ လအလိုက် အကောင်းဆုံး ဆုများကို ၂၀၁၆ ခုနှစ်အထိ လစဉ် ပေးအပ်ခြင်း ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပေးအပ်နိုင်ခဲ့ခြင်း မရှိပေ။
လအလိုက် အကောင်းဆုံးဆုများကို ရွေးချယ်ရန်အတွက် ရမှတ်များကို တစ်ပွဲခြင်းစီအလိုက် ကောက်ခံသွားမည် ဖြစ်ပြီး ပွဲစဉ်တိုင်းတွင် ယင်းပွဲကို တာဝန်ယူသည့် ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်၊ နှစ်ဘက် နည်းပြများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ တို့မှ ပေးသည့် ရမှတ်များအပေါ် မူတည်ကာ မြန်မာနေရှင်နယ်လိဂ်မှ ဆုံးဖြတ် တွက်ချက်သွားမည် ဖြစ်သည်။
လအလိုက် အကောင်းဆုများ ပေးအပ်ရာတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသာမက လိဂ်-၂ ပြိုင်ပွဲတွင်ပါ ပေးအပ်သွားမည် ဖြစ်ကာ ဆုကြေးငွေနှင့် ဆုတံဆိပ်ကို ပေးအပ်ရန် စီစဉ်ထားသည်။