အသည်းအသန်ကစားပြီး နောက်ကျဂိုးများကြောင့် ဇွဲကပင်ကို ရန်ကုန် အနိုင်ရ

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက်တို့ရဲ့ MPT Myanmar National League 2018 ဒုတိယပတ် ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဇွဲကပင် ယူနိုက်တက်ကို အကြိတ်အနယ် ကစားပြီး နောက်ကျ သွင်းဂိုးတွေကြောင့် (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ချန်ပီယံဆု မှန်းနေတဲ့ ရန်ကုန်အနေနဲ့ အမှားအယွင်း များခဲ့ပြီး သိပ်သည်းတဲ့ ဇွဲကပင် ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ အတော့်ကို အခက်တွေ့ခဲ့ရတာပါ။ ဇွဲကပင်ကတော့ တစ်ပွဲလုံး ခံစစ်ကိုသာ အားပြုပြီး သရေတစ်မှတ် ခွဲယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးကာနီး မိနစ်တွေမှာ ဂိုးရဖို့ အသည်းအသန် တိုက်စစ်ဆင်လာတဲ့ ရန်ကုန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အရှုံးရလဒ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်အတွက် အဖိုးတန် အဖွင့်ဂိုးကို တစ်ပွဲလုံး အမှားအယွင်း များနေခဲ့တဲ့ ဆိုင်လာက ပွဲချိန် ၈၇ မိနစ် အရောက်မှာ ဇွဲကပင် ဂိုးဧရိယာထဲ ရှုပ်ထွေးနေတုန်း ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပွဲက ရန်ကုန်အတွက် အနည်းငယ် လွယ်ကူသွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ် အရောက်မှာ ဒုတိယဂိုးကို ကြည်လင်းက သူ့အတွက် ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ဇွဲကပင်အသင်းသည် ရာသီအစ ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်အသင်းကို ဒုက္ခပေးလေ့ရှိသည့်အတိုင်း ယနေ့ပွဲစဉ်၌လည်း လက်ရှိချန်ပီယံအသင်းဆီက သရေတစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ဇွဲကပင်အသင်းမှ ဒိုးဆက်ကီး၊ သက်လွင်ဝင်း၊ ဒေါ့ဆန်းတို့စ်၊ ရန်ကျော်ထွေး၊ ပြုံးချို၊ နိုင်ဇေယျာထွန်း စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သည်။ ပထမပိုင်း ၃၈ မိနစ်တွင် ဒေါ့ဆန်းတို့စ် အပြင်ကန်သွင်းမှု တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည့်နည်းတူ ပွဲပြီးရန် မိနစ်ပိုင်းအတွင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂိုးရလုနီးပါးဖြစ်ခဲ့သော်လည်း ပြိုင်ဘက်ဂိုးသမား ပုတ်ထုတ်ခဲ့သဖြင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ဧည့်သည်ရှမ်းယူနိုက်တက်အသင်းသည် သီဟစည်သူ၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်၊ တင်းဝင်းအောင်၊ နိုင်လင်းထွန်း တို့အပြင် အသစ်ခေါ်ယူထားသည့် ပက်ထရစ်၊ ဝီလျံ၊ လီဟန်ကွတ် စသည့် ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခဲ့သည်။ သို့သော် အပိုင်အခွင့်အရေးဖန်တီးမှု အပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် ရာသီအဖွင့် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်က မုံရွာကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေရလဒ်ဖြင့်ပင် ပြီးဆုံးခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ တတိယနေ့ ပွဲစဉ်အဖြစ် အောင်ဆန်းကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် မကွေးအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြို ဆွေးနွေးသုံးသပ်ချက်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (week-1)ရဲ့ ဒုတိယမြောက် ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းမှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက် တွေ့ဆုံနေတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းဟာ ကစားသမားသစ် အများ အပြားခေါ်ထားသလို နည်းပြချုပ်လဲ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းကတော့ ရန်ကုန်အသင်းနဲ့ ကစားသွားတဲ့ ချာရတီဖလားပြိုင်ပွဲမှာ အကောင်းဆုံး ပုံစံရရှိနေပြီး အကောင်းဆုံးပုံစံနဲ့ ဆက်လက်ပွဲထွက်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ...။
ပြီးခဲ့တဲ့ ၂၀၁၇ ဘောလုံးရာသီ ပထမအကျော့မှာ ဇွဲကပင်အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ထားဖူးပါ တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာကော မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ပေါ်လာဦးမလား..?
ဒီနေ့ ညနေမှာ ကစားမယ့် ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်အပေါ် သောကြာနဲ့ ရဲမင်းဝင်းတို့က ပွဲကြို ဆွေးနွေးသုံးသပ်ပေးထားပါတယ်..။


ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင်အောင် ကြိုးပမ်းမည့် ဇွဲကပင်ယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-1 ၏ ဒုတိယပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက် တက်အသင်းတို့ ကစားကြမည်ဖြစ်ပြီး ဇွဲကပင်အသင်းအနေဖြင့် ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင် အောင် ကြိုးစားသွားမည်ဟု အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်းက ပြောခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီအစ အဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ထို့အပြင် ဒုတိယမြောက်ပွဲစဉ်တွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းနှင့် ထပ်မံ ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ယနေ့ ညနေတွင် စတင်ကစားရမည့် ပွဲဦးထွက် ပွဲစဉ်နှင့် ပတ်သက်၍ ဇွဲကပင် အသင်းနည်းပြချုပ်က “ရှမ်းယူနိုက်တက်က ACL/AFC ဝင်ခွင့်ရထားတဲ့အသင်းပါ။ ရှမ်းအသင်းကော ဒုတိယပွဲကပါ ရန်ကုန်နဲ့ တွေ့မယ်။ သူတို့က AFC ပြိုင်ပွဲအတွက် ပြင်ဆင်နေတော့ ကစားသမားအင်အား ၊ ကစားသမားအရည်အချင်းက အစစ အရာရာသာ တယ်။ ဒါကို ဘယ်လိုမျိုး အကောင်းဆုံး ပြန်ပြီးတော့ အမှတ်ခွဲယူမလဲ ရအောင် ဘယ်လိုကစားမလဲဆိုတာ ပြင်ဆင်နေပါတယ် ‘ဟု ပြောခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီ ပထမအကျော့တွင် ရှမ်းယူနိုက်တက်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့၊ တောင်ကြီးကွင်းတွင် ၂-၀ ဂိုးဖြင့် ပြန် လည် ရှုံးနိမ့်ခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီအတွက် ပြည်တွင်း ကစားသမားအသစ်များ ခေါ်ယူထားသည့်အပြင် ဂျပန် ကစား သမားဟောင်း ကမ်ကိုလဲ ပြန်လည်ခေါ်ယူထားသည်။ ထို့ပြင် ဇွဲကပင်အသင်းသည် ပြည်ပကစားသမားအသစ်များအဖြစ် လိုက်ဘေးရီး ယား ကွင်းလယ်လူ ဆာကေး၊ ပေါ်တူဂီ တိုက်စစ်မှူး ပေါ်လို၊ နောက်ခံလူ ဝက်ဒ်တို့ကို အသစ်ခေါ်ယူထားသည်။

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် အသင်းနည်းပြချုပ် အပြောင်းအလဲ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲစဖို့ ရက်အနည်းငယ်အလိုမှာပဲ ဇွဲကပင်ယူနိုက်တက်အသင်းဟာ အသင်းနည်းပြချုပ် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဇွဲကပင်အသင်း အပြောင်းအလဲ လုပ်လိုက်တဲ့သူက ဘယ်သူဖြစ်မလဲ......?
နည်းပြသစ်ကရော ဘာများပြောထားလဲ....?

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် JFL SELECTION TEAM တို့ ခြေစမ်းကစားမည်

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ဂျပန်အသင်းတစ်သင်းဖြစ်သည့် JFL SELECTION TEAM အသင်းတို့သည် လာမည့် ဒီဇင်ဘာ ၉ ရက် ညနေ ၃း၃၀ နာရီ ၊ သုဝဏ္ဏဘောလုံးကွင်းတွင် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ ဇွဲကပင်ယူနိုက်တက်အသင်းသည် မကြာခင် ကျင်းပမည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်၊ JFL အသင်းနှင့် ခြေစမ်းကစားရန် ပြင်ဆင်ခြင်းဖြစ်သည်။ JFL Selection Team သည် ဇွဲကပင်အသင်းနှင့် ခြေစမ်းကစားပြီးပါက လာမည့် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃း၃၀ နာရီတွင် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC ၌ မကွေးအသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။
ယင်းနောက် ဒီဇင်ဘာ ၁၄ ရက် ညနေ ၃းဝဝ နာရီတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် YUSC ကွင်း၌ပင် ထပ်မံခြေစမ်းကစားရန် ရှိသည်။ အစောပိုင်းက ဒီဇင်ဘာ ၁၂ ရက်တွင် ရတနာပုံအသင်းနှင့် JFL Selection အသင်းတို့ ခြေစမ်းရန် စီစဉ်ခဲ့သော်လည်း ရတနာပုံအသင်းအနေဖြင့် ခြေစမ်း ကစားရန် အဆင်မပြေသည့် အတွက် မကွေးအသင်းနှင့် ပြောင်းလဲ ခြေစမ်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။