Saturday, January 13, 2018

သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ဇွဲကပင်အသင်းသည် ရာသီအစ ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်အသင်းကို ဒုက္ခပေးလေ့ရှိသည့်အတိုင်း ယနေ့ပွဲစဉ်၌လည်း လက်ရှိချန်ပီယံအသင်းဆီက သရေတစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ဇွဲကပင်အသင်းမှ ဒိုးဆက်ကီး၊ သက်လွင်ဝင်း၊ ဒေါ့ဆန်းတို့စ်၊ ရန်ကျော်ထွေး၊ ပြုံးချို၊ နိုင်ဇေယျာထွန်း စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သည်။ ပထမပိုင်း ၃၈ မိနစ်တွင် ဒေါ့ဆန်းတို့စ် အပြင်ကန်သွင်းမှု တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည့်နည်းတူ ပွဲပြီးရန် မိနစ်ပိုင်းအတွင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂိုးရလုနီးပါးဖြစ်ခဲ့သော်လည်း ပြိုင်ဘက်ဂိုးသမား ပုတ်ထုတ်ခဲ့သဖြင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ဧည့်သည်ရှမ်းယူနိုက်တက်အသင်းသည် သီဟစည်သူ၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်၊ တင်းဝင်းအောင်၊ နိုင်လင်းထွန်း တို့အပြင် အသစ်ခေါ်ယူထားသည့် ပက်ထရစ်၊ ဝီလျံ၊ လီဟန်ကွတ် စသည့် ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခဲ့သည်။ သို့သော် အပိုင်အခွင့်အရေးဖန်တီးမှု အပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် ရာသီအဖွင့် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်က မုံရွာကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေရလဒ်ဖြင့်ပင် ပြီးဆုံးခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ တတိယနေ့ ပွဲစဉ်အဖြစ် အောင်ဆန်းကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် မကွေးအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။