Monday, January 15, 2018

ခြေစွမ်းအသာဖြင့် ဧရာဝတီယူနိုက်တက်အသင်းအား ရတနာပုံအသင်း အနိုင်ယူ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၅ ရက်(ယနေ့) ညနေက မန္တလာသီရိကွင်းတွင် ရတနာပုံအသင်းနှင့်ဧရာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ရတနာပုံအသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။  ရတနာပုံအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဘောလုံးကို လျင်လျင်မြန်မြန်နှင့် တစ်ချက်ထိ ပုံစံမျိုးဖြင့်သာ ကစားခဲ့သည်။ ရတနာပုံအသင်းအတွက် ပထမဦးဆောင်ဂိုးကို စည်သူအောင်က သွင်းယူပေးခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို မြတ်ကောင်းခန့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အသာကစားထားခဲ့သည်။
ဒုတိယပိုင်းပြန်လည် စတင်ရာတွင်လည်း ရတနာပုံအသင်းမှသာ ဦးဆောင်ကစားနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် တတိယဂိုး၊ စတုထ္တဂိုးနှင့် ပဉ္စမဂိုး(ပင်နယ်တီ)များကို စည်သူ အောင်မှပင် ထပ်မံ သွင်းယူပေးခဲ့သည်။ စည်သူအောင်သည် MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲ၏ ပထမဆုံး ဟက်ထရစ်သွင်းယူခဲ့သည့် ကစားသမားဖြစ်လာသည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို Ella Patrick မှ သွင်းယူပေးခဲ့သည်။ဒီနေ့ ရတနာပုံနဲ့ ဧရာဝတီပွဲမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင် တစ်ယောက်ထဲကပဲ လေးဂိုး သွင်းယူပေးခဲ့ပါတယ်။

ဧရာဝတီအသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး စည်သူအောင်က အခုလို ပြောခဲ့ပါတယ်...။

''ကျွန်တော် ကစားဖော်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ ပံ့ပိုးလို့ ဒီလို ဂိုးတွေ ရခဲ့တာပါ။ ဒီနှစ်မှာ ကျွန်တော်တို့က ပြည်ပ ကစားသမားမပါတဲ့အတွက် လေ့ကျင့်ရေးမှာလဲ ပိုပြီး ကြိုးစားရပါတယ်။ ပြည်တွင်း ကစားသမားတွေနဲ့ပဲ ရလဒ်ကောင်းတစ်ခုရဖို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေလဲ နောက်ပွဲတွေ လာအားပေးပါဦး။ အကောင်းဆုံးပြင်ဆင်နေပါတယ် ''

စည်သူအောင် (ရတနာပုံအက်ဖ်စီ)