MPT Myanmar National League 2018 ပြိုင်ပွဲတွင် လအလိုက် အကောင်းဆုံးဆုများ ပေးအပ်သွားမည်

ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးတွင် တစ်လချင်းအလိုက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။ အဆိုပါ လအလိုက် အကောင်းဆုံး ဆုများကို ၂၀၁၆ ခုနှစ်အထိ လစဉ် ပေးအပ်ခြင်း ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပေးအပ်နိုင်ခဲ့ခြင်း မရှိပေ။
လအလိုက် အကောင်းဆုံးဆုများကို ရွေးချယ်ရန်အတွက် ရမှတ်များကို တစ်ပွဲခြင်းစီအလိုက် ကောက်ခံသွားမည် ဖြစ်ပြီး ပွဲစဉ်တိုင်းတွင် ယင်းပွဲကို တာဝန်ယူသည့် ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်၊ နှစ်ဘက် နည်းပြများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ တို့မှ ပေးသည့် ရမှတ်များအပေါ် မူတည်ကာ မြန်မာနေရှင်နယ်လိဂ်မှ ဆုံးဖြတ် တွက်ချက်သွားမည် ဖြစ်သည်။
လအလိုက် အကောင်းဆုများ ပေးအပ်ရာတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသာမက လိဂ်-၂ ပြိုင်ပွဲတွင်ပါ ပေးအပ်သွားမည် ဖြစ်ကာ ဆုကြေးငွေနှင့် ဆုတံဆိပ်ကို ပေးအပ်ရန် စီစဉ်ထားသည်။