Thursday, December 7, 2017

ကြိုးစားဖို့ပေါ့......ဘောလုံးသမားဆိုတာ အချိန်ရှိတုန်းလေး ခဏတာပိုင်ဆိုင်ခွင့် ရတာလေ....

မြန်မာ့လက်ရွေးစင်ဟောင်းနှင့် ရန်ကုန်ယူနိုက်တက် နောက်ခံလူဟောင်း ကိုခင်မောင်လွင်နှင့် တွေ့ဆုံခြင်း.....
အဆင့်မြင့်တန်း အသင်းတစ်သင်းဖြစ်သည့် လယ်/ဆည် အသင်းနှင့် အတူ ဘောလုံးသမားဘဝကို စတင်မျိုးစေ့ချခဲ့သူ.....။ MNL ခေတ်ဦးတွင် ကမ္ဘောဇအက်ဖ်စီ (ယခုရှမ်းယူနိုက်တက်) နှင့် အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ခဲ့သူ....။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ဆုဖလားများစွာ ရယူနိုင်ခဲ့သူ ... မြန်မာ့လက်ရွေးစင်အသင်းနှင့် အတူ မာဒေးကားဖလား၊ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဆုဖလားများ ရယူနိုင်ခဲ့သူ.... ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ခင်မောင်လွင်အား ဘောလုံးသမားဘဝ အနားယူဖြစ်ခဲ့ပုံနှင့် ၎င်း၏ အနာဂတ် ရည်မှန်းချက်များနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်မီဒီယာဌာနမှ တွေ့ဆုံမေးမြန်းထားသည်များအား ပရိသတ်များအတွက် ဖော်ပြလိုက်ပေးလိုက်ရပါသည်။

မေး- မင်္ဂလာပါအစ်ကိုရေ။
ဖြေ- ဟုတ်... မင်္ဂလာပါ။
မေး- ပထမဦးဆုံးအနေနဲ့ ဘောလုံးသမာဘဝကနေ အနားယူဖြစ်ခဲ့ပုံကိုပြောပေးပါဦး။
ဖြေ- တချို့တွေကတော့ အသက်အရွယ်ကြောင့်လို့ပြောကြတာပေ့ါနော်။ အဲလိုမဟုတ်ပါဘူး။ အမှန်က ကစားလို့ရပါသေးတယ်။ ကျွန်တော့်အနေနဲ့ နဂိုကတည်းက လက်ရွေးစင်မှာ ၁ နှစ်၊ ၂ နှစ်လောက်ကစားပြီးရင် အနားယူဖို့ စဉ်းစားထားပြီးသားကြောင့်ပါ။  ဒါပေမယ့် နည်းပြဘဝနဲ့ ဘောလုံးလောကမှာပဲ ဆက်လက်ရှင်သန်သွားမှာပါ။ ဒီအတွက် နည်းပြသင်တန်းတွေတက်မယ်။ အချိန်ယူပြင်ဆင်ချင်တယ်။ နောက်ထပ်အသက်မွေးဝမ်းကြောင်းတစ်ခုကို သွားချင်တယ်။ ဒါကြောင့် အခုလိုအနားယူလိုက်တာဖြစ်ပါတယ်။
မေး- အနားယူဖို့အတွက် မိသားစုနဲ့ တိုင်ပင်ခဲ့ရတာမျိုးရှိလား
ဖြေ- ဟုတ်။ မိသားစုနဲ့တိုင်ပင်ရတယ်။ သူတို့လည်းဆက်ပြီးကစားဖို့တိုက်တွန်းတယ်။ ပြီးတော့ အသင်းကလည်း ကျွန်တော့်ကို ဆက်ပြီးကစားစေချင်တယ်။ စာချုပ်သစ် ချုပ်မယ်ဆိုပြီး ကမ်းလှမ်းတယ်။ ဒီဆုံးဖြတ်က ကျွန်တော့်အတွက် ခက်ခက်ခဲခဲပါပဲ။
မေး- ဒါဆို နည်းပြလောကအတွက် ပြင်ဆင်ထားတာတွေ ပြောပေးပါဦး။ စီ လိုင်စင် နည်းပြသင်တန်း အောင်မြင်ထားတယ်လို့လည်း သိရတယ်။
ဖြေ- ဟုတ်ပါတယ်။ စီ လိုင်စင် သင်တန်းအောင်မြင်ထားပြီးသားပါ။ ကျွန်တော့်မှာက ကစားသမားအတွေ့အကြုံပဲ ရှိတာလေ။ ဒါကြောင့် လူငယ်အသင်းတွေကနေ နည်းပြအတွေ့အကြုံတွေ ရယူမယ်။ ဘီ လိုင်စင်ဖြေနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်။ လေ့လာသင်ယူမှုတွေ ဆက်ပြီးလုပ်သွားရမှာပေါ့။
မေး- ရန်ကုန်ယူနိုက်တက်အသင်းက ၂ ရာသီဆက် ဆုဖလားတွေနဲ့ ဝေးခဲ့တယ်နော်။ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုအားနည်းချက်တွေကြောင့်လို့ မြင်မိလဲ။
ဖြေ- ကျွန်တော်တို့အသင်းက နိုင်လိုစိတ် အရမ်းပြင်းထန်တဲ့အသင်း။ ဒုတိယဆုရရင်တောင်မှ ရှုံးနိမ့်တယ်လို့ ခံစားရတဲ့အသင်း။ ကျွန်တော်တို့ ဆုဖလားနဲ့ ၂ နှစ်ဆက် ဝေးကွာခဲ့ရတယ်ပေါ့နော်။ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒီနှစ်တွေမှာတော့ ကြိုးစားအားထုတ်မှု နည်းနည်းလိုသွားတယ်လို့ ထင်ပါတယ်။ ဒီနှစ်ဆို ပိုပြီးတော့ မခံချိ မခံသာဖြစ်ရတယ်။ ပထမအကျော့မှာ အမှတ်တွေဖြတ်ထားနိုင်ရက်နဲ့ ဒုတိယအကျော့မှာ ရမှတ်တွေဆုံးရှုံးခဲ့ရတယ်။ ဒါကလည်း ကျွန်တော်ထင်ပါတယ်။ ကစားသမားတချို့ ဒဏ်ရာရတာလည်း ပါတယ်။ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း မတူညီတာလည်းပါတာပေ့ါ။
မေး- လာမယ့်နှစ်အတွက် ရန်ကုန်အသင်းက တောင်ပံတိုက်စစ်ဦးစားပေး ကစားသမားတွေ ပိုမို ခေါ်ယူနေတာတွေ့ရတယ်နော်။ သူတို့နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။
ဖြေ- ဟုတ်။ အဲဒါက ... ကျွန်တော်တို့ဆီမှာလည်း တောင်ပံကစားသမားတွေ ရှိပြီးသားပါ။ ဒါပေမယ့်သူတို့ကို ခေါ်ယူတာက ကောင်းမွန်တဲ့ခေါ်ယူမှုလို့ ကျွန်တော်ထင်တယ်ဗျ။ ကျွန်တော်တို့ဆီမှာက တောင်ပံနေရာတွေမှာ ကစားနိုင်တဲ့သူများတယ်လေ။ ဒါပေမယ့် ကစားသမားတွေအနေနဲ့ ငါကတော့ နေရာရမှာပဲလို့ အပိုင်တွေးထားလို့ မဖြစ်ဘူးဗျ။ ကိုယ်ကြိုးစားမှပဲ ကိုယ်နေရာရမယ်။ မကြိုးစားရင် ကျန်ခဲ့မယ်။ ကစားသမားသစ်တွေကြောင့် လာမယ့်နှစ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတယ်။ လာမယ့်နှစ်မှာ ရန်ကုန်အသင်း ပုံစံတစ်မျိုးနဲ့ ထွက်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်မှာ မရတဲ့ ဆုဖလားကို လာမယ့်နှစ်မှာ ရယူနိုင်မယ်လို့ လည်း ယုံကြည်နေပါတယ်။
မေး- ပြည်ပကစားသမားတွေရဲ့ ခြေစွမ်းကိုရော ဘယ်လိုသုံးသပ်မိလဲ။ ရာသီသစ်အတွက် ကစားသမားသစ်တွေနဲ့ အစားထိုးသင့်တယ်လို့ ထင်လား
ဖြေ- လောလောဆယ်တော့ နိုင်ငံခြားကစားသမား လေးဦးလောက် ခေါ်ယူ စမ်းသပ်ဖို့ ရှိတယ်လို့ ကြားရပါတယ်။
မေး- ရန်ကုန်အသင်းက အစပိုင်းမှာ ကလာဟဲကို ခေါ်ယူမယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့သေးတယ်နော်။ နောက်ပိုင်းမှာတော့ ဖြစ်မလာခဲ့ဘူး။ ကိုခင်မောင်လွင်ရဲ့ Personal ခံစားချက်ကရော ဘယ်လိုရှိပါသလဲ။ သူ့ကို အသင်းမှာ ရောက်ရှိစေချင်လား။
ဖြေ= အမှန်အတိုင်းပြောရရင်တော့ .... သူ (ကလာဟဲ) ကိုယ်၌ကလည်း မြန်မာနိုင်ငံကိုယ်စားပြု ကစားချင်လို့ ဒီလိုမျိုး အသင်းကို လာဆက်သွယ်တယ်ပေ့ါနော်။ ဒါကလည်း ကောင်းပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုကြောင့် အပြောင်းအရွှေ့က မဖြစ်ခဲ့လဲတော့ မသိပါဘူး။ အသင်းမှာရောက်နေတဲ့ မောင်မောင်လွင်တို့ ဆွမ်လမ်မန်တို့ ဆိုတာလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ဆဲ ကစားသမားတွေပဲ။ သူရောက်လာလည်း နေရာတစ်နေရာက ပုပ်သွားမယ်လို့ မြင်တယ်။ အဲဒီတော့ မခေါ်ယူဖြစ်ခဲ့တာက အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။
မေး- ဟုတ်ကဲ့ပါ... ဒါဆို အစ်ကို့ရဲ့ ဘောလုံးသမားဘဝဘက်ကို တစ်ချက် ပြန်မေးကြည့်ရအောင်ပါ။ ကိုခင်မောင်လွင်အတွက် မြန်မာနေရှင်နယ်လိဂ်မှာ ထိန်းချုပ်ရ အခက်ဆုံးပြိုင်ဘက် တိုက်စစ်မှူးက ဘယ်သူဖြစ်မလဲ။
ဖြေ- အားလုံးက သူ့အရည်အချင်းနဲ့သူတော့ ရှိကြတယ်။ ဒါပေမယ့် ဟိုအရင်က အတူတူကစားခဲ့တဲ့ ကိုစိုးမြတ်မင်းတို့ဆို အရမ်းကစားရခက်တယ်။ ဘယ်နားက ဘယ်လို ထွက်ထွက်သွားမှန်း မသိဘူး။ အရမ်းခက်တာ(ရယ်လျှက်)။ ပြိုင်ဘက်အနေနဲ့ကတော့ သိပ်ပြီးတော့ မကစားဖူးပါဘူး။ လက်ရှိကတော့ အောင်သူရှိတယ်။ နောက်ပြီးတော့ ကျော်ကိုကိုရှိတယ်ပေါ့။ ကျော်ကိုကိုဆိုရင် ပြိုင်ဘက်အနေနဲ့ပါ ကစားခဲ့ရတယ်။ တော်တော်ထိန်းချုပ်ရခက်တဲ့သူတွေပါ။
မေး- နိုင်ငံတကာလက်ရွေးစင်ဘဝမှာရော ထိန်းချုပ်ရ အခက်ဆုံးက ဘယ်သူဖြစ်မလဲ။
ဖြေ- ဘယ်လိုခေါ်မလဲ...။ အဲဒီတုန်းကဆိုရင် ဟောင်မြန်ဘိုပေါ့။ သူကစားတာ အရမ်းလည်း ကြိုက်ပါတယ်။ မြန်လည်းမြန်တယ်။ တောင်ပံမှာ ကစားသူတွေထဲမှာ ပြည်တွင်းကဆို မောင်မောင်လွင်လည်း ထိန်းချုပ်ရခက်တဲ့ ကစားသမားထဲမှာပါတယ်။
မေး- ၂၀၀၆ မာဒေးကားဖလားရတဲ့ အသင်းမှာ အစ်ကိုပါခဲ့တယ်နော်။ လက်ရွေးစင်ဘဝမှာ အမှတ်တရ ရှိခဲ့တဲ့ ပြိုင်ပွဲတွေရော ပြောပြပေးပါဦး။
ဖြေ- ဟုတ်ပါတယ်။ ၂၀၀၆ မာဒေးကားဖလား ရယူနိုင်ခဲ့တယ်။ ပြီးတော့ ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားလည်း ရခဲ့တယ်။ အမှတ်ရစရာတွေတော့ အများကြီးပါပဲ။ ဒါပေမယ့် ငွေတံဆိပ်ရခဲ့တဲ့ ၂၀၀၇ ထိုင်းဆီးဂိမ်းနဲ့ မာဒေးကားဖလားရခဲ့တာက ကျွန်တော့်အတွက် အမှတ်တရပိုဖြစ်စေပါတယ်။
မေး- ရန်ကုန်အသင်းနဲ့အတူ ဆုဖလားတွေ အများကြီးရခဲ့တယ်နော်။ ဒါက အစ်ကို့ဘဝအတွက် ကျေနပ်စရာ အခိုက်အတန့်တွေ ဖြစ်ခဲ့မှာပေါ့။
ဖြေ- ဆုဖလားတွေ ရယူနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒါပေမယ့် အလုံးစုံတော့ မဟုတ်ဘူးပေါ့။ အနားယူမယ်လို့ ဆုံးဖြတ်ထားတဲ့ နောက်ဆုံးနှစ်မှာ ဆုဖလားမရယူနိုင်ခဲ့ဘူး။ အနိုင်နဲ့ ပိုင်းတာတော့ မဟုတ်ဘူးပေါ့လေ။ ဘာပဲပြောပြော ဆုဖလားနဲ့ အောင်ပွဲခံပြီး ပျော်ပျော်ရွှင်ရွှင်လေး နှုတ်ဆက်ချင်ခဲ့တာ။ ဒီစိတ်ကူးက ဖြစ်မလာခဲ့ဘူး။ ဒီအတွက်တော့ စိတ်မကောင်းဖြစ်ရတယ်ပေါ့။
မေး- ကိုခင်မောင်လွင်ရဲ့ လက်ရွေးစင် ကစားသမားဘဝကရော ကျေနပ်စရာတွေ အတိနဲ့ ပြီးခဲ့တယ်လို့ ဆိုနိုင်မလား။
ဖြေ- ဟုတ်... ဒါ..အမှန်အတိုင်းပြောရရင်တော့ မကျေနပ်ပါဘူး။ ကစားသမားတိုင်းရဲ့ အိမ်မက်ကလည်း နိုင်ငံကိုယ်စားပြု လက်ရွေးစင် ကစားသမားဘဝပဲပေါ့နော်။ ကိုယ်စားပြု ကစားခွင့်ရရုံနဲ့လည်း ကျေနပ်နေတာမျိုး မဟုတ်ပါဘူး။ နိုင်ငံအတွက် အတတ်နိုင်ဆုံး ဆုဖလားတွေ ရယူပေးချင်တယ်။ ကျွန်တော်ဆိုလည်း ပြိုင်ပွဲတွေ အများကြီး ကစားခဲ့ရပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဆုဖလားတွေ သိပ်ပြီးမရခဲ့ဘူး။ နည်းပါးတယ်ပေါ့။ ပွဲအရေအတွက် အနေနဲ့ဆိုရင် များတယ်။ ဒါပေမယ့် ဆုဖလားတွေ မရခဲ့တော့ အောင်မြင်တယ်လို့ မယူဆပါဘူး။
မေး- ၂၀၁၁ ကတည်းက ကစားခဲ့တဲ့ ရန်ကုန်အသင်းမှာ အမှတ်တရအဖြစ် ထင်ဟပ်နေစေမယ့် အရာကရော ဘာဖြစ်မလဲ။
ဖြေ- ကျွန်တော်အသင်းကို ရောက်လာတဲ့နှစ် ၂၀၁၁ မှာပေါ့။ ကြည်လင်းတို့ကလည်း ငယ်ရွယ်ပေမယ့် အရမ်းကောင်းနေတဲ့အချိန်ပါ။ အဲဒီနှစ်က ဧရာဝတီနဲ့ နောက်ဆုံးပွဲမှာ သရေကျရုံနဲ့ ချန်ပီယံဖြစ်မယ်။ ဧရာဝတီကလည်း အရမ်းကောင်းနေတဲ့ အချိန်။ ရန်ကုန်အတွက်ကလည်း ပထမဆုံးဆုဖလားဆိုတော့ စိတ်လှုပ်ရှားဖို့လည်း အရမ်းကောင်းပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ ကစားဖော်အချင်းချင်း စရင်း နောက်ရင်းနဲ့ပေါ့။ ဗိုက်ဆာလာတယ်ဆိုပြီး ညဘက်အပြင်ထွက်ကြတယ်။ ဆရာတွေက မထွက်ပါနဲ့ဆိုပြီးတားတယ်။ အသင်းမန်နေဂျာကလည်း စားဖို့ မုန့်လာပို့ပေးပေးတယ်။ မထွက်နဲ့ပေါ့။ ဒါပေမယ့် အဲဒီညက ထွက်ဖြစ်တယ်။ ပျော်ဖို့လည်းကောင်းတယ်။ မျိုးကြီး( မျိုးမင်းထွန်း-လက်ရှိရန်ကုန်နည်းပြချုပ်) တို့လည်းပါတယ်။ (ရယ်လျှက်) အချိန်မတော် ညဘက် ၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ အမှန်ဆို အဲဒါက ပွဲမတိုင်ခင် တစ်ရက်ဖြစ်နေပါပီ။ အဲဒီအချက်ကတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတစ်ခုပါပဲ။ ဒါပေမယ့် ရန်ကုန်အသင်းက အရမ်းနိုင်လိုစိတ်ပြင်းထန်တဲ့အသင်းပါ။ အသင်းပိုင်ရှင်နဲ့ အသင်းဥက္ကဌတို့လည်း နိုင်လိုစိတ်ပြင်းထန်တယ်။ ပရိသတ်တွေအပါအဝင်ပေါ့။ အရမ်းနိုင်ချင်တယ်။ ဒါကြောင့်လည်း ဒီနေ့ဒီအချိန်အထိ ရန်ကုန်အသင်းဖြစ်နေတာလို့ထင်တယ်။
မေး- အစ်ကို လယ်/ဆည် အသင်းကနေ ကမ္ဘောဇအသင်းကို ပြောင်းဖြစ်တဲ့အကြောင်းလည်း ပြောပေးပါဦး။
ဖြေ- ကျွန်တော် လယ်/ဆည်မှာ ကစားနေစဉ် ကတည်းက ကမ္ဘောဇအသင်းမှာ အငှားနဲ့ သွားကစားဖူးပါတယ်။ မိုးဝင်းတို့နဲ့ပေါ့။ အဲဒိတုန်းက ကမ္ဘောဇအသင်းက ပြည်ပပြိုင်ပွဲတွေ သွားပြိုင်ဖူးတယ်လေ။ ၂၀၀၉ MNL စတဲ့အချိန်မှာ ကမ္ဘောဇအသင်းက နိုင်ငံခြားသား ကစားသမား မပါဘဲ ပြိုင်ဖို့လုပ်တယ်။ ဆရာဦးအေးမောင်ကြီးတို့ကလည်း ခေါ်တယ်။ ဗိုလ်မှူးမိုးဆန်းအောင်တို့ကလည်း နိုင်ငံခြားသား မပါဘဲ ကန်ကြည့်ကြမယ်။ အဒီတုန်းက ကမ္ဘောဇအသင်းမှာ ကျွန်တော်အပါအဝင် လက်ရွေးစင် ကစားသမား ကိုးယောက်ရှိတယ်။ ပြီးတော့ ကျွန်တော် အမြဲတမ်းအားကျခဲ့ရတဲ့ ကိုစိုးမြတ်မင်းတို့လည်း ရှိတယ်လေ။ အဲဒါနဲ့ ကမ္ဘောဇအသင်းကို ရောက်ဖြစ်သွားတာပါ။
မေး- ရန်ကုန်အသင်းကို ပြောင်းဖြစ်သွားတာကရော။ နေပြည်တော်အသင်းနဲ့လည်း သတင်းတွေထွက်ခဲ့သေးတယ်။
ဖြေ- အဲဒါကတော့ နောက်ဆုံးနေ့လေး အထိပေါ့။ ဘယ်အသင်းမှ မပြောင်းဖြစ်တော့ဘူး ထင်နေတာပါ။ မိုးဝင်းနဲ့အတူ နေပြည်တော်အသင်းကို ပြောင်းဖို့ လည်း စကားပြောထားတယ်။ အပြီးသတ်သဘောတူညီမှုတော့ မရခဲ့ဘူး။ အပြောင်းအရွှေ့ နောက်ဆုံးနေ့လေးပါပဲ။ ကမ္ဘောဇအသင်းက အသင်းမိတ်ဆက်ပွဲလုပ်ဖို့ ခေါ်တယ်။ ဒါပေမယ့် ဆရာ့ကို ခွင့်တောင်းပြီး မလိုက်ချင်တော့ဘူးဆိုပြီး အဆောင်မှာ နေခဲ့လိုက်တယ်။ အဲဒီနောက်ဆုံးနေ့လေးမှ ရန်ကုန်အသင်းက ကမ်းလှမ်းမှုကို လက်ခံပြီး ရန်ကုန်အသင်းကို ရောက်လာခဲ့တာပါ။ ဒါကလည်း ကျွန်တော့်ဘဝအတွက် အမှတ်တရလေး ဖြစ်ခဲ့ပါတယ်။
မေး- မြန်မာနေရှင်နယ်လိဂ်ကရော ဘာတွေပြောင်းလဲလာတယ်လို့ ထင်လဲ။
ဖြေ- တချို့ဟာတွေက သိသိသာသာပြောင်းလဲတာရှိတယ်။ လုံးဝမပြောင်းလဲတာလည်းရှိတယ်။ နောက်တစ်ခုက ဒီအတိုင်း တန့်နေတဲ့အရာလေးတွေလည်းရှိတယ်။
မေး-ဒီထက်ပိုပြီး အသေးစိတ်ပြောပြလို့ရမလား။
ဖြေ- အားလုံးကိုခြုံပြီးပြောရရင် အရင်တုန်းကဆို ထရိန်နင်လုပ်ဖို့ ကွင်းတွေရှိတယ်။ အခုတော့မရှိဘူး။ ဒါကအခြေခံအချက်ပေါ့။ အခြေခံဆိုပေမယ့် ဒါက အရေးကြီးတယ်လေ။ ကွင်းမရှိဘဲနဲ့တော့ ဘောလုံးသမား ပေါ်ထွက်လာဖို့ဆိုတာ တော်တော်ခက်တယ်။ အနည်းဆုံးမြို့နယ်တိုင်းမှာ တစ်ကွင်းစီရှိမယ်ဆိုရင် ပိုပြီး အဆင်ပြေမယ်လို့ထင်တယ်။ နောက်တစ်ခုက ကလပ်အသင်းတွေပေါ့။ တော်တော်များများကတော့ ကောင်းကောင်းမွန်မွန်လေးလုပ်ကြပါတယ်။ လုပ်ပေမယ့်လည်း လက်ရှိအခြေအနေက ဒီနေ့ချက်ခြင်းကြီးလုပ်လိုက် ရပ်သွားလိုက်နဲ့ အဲလိုမျိုးကြီးတော့ မဖြစ်စေချင်ဘူး။ ပြောင်းလဲ လာတာက ပြိုင်ပွဲတွေမှာ ရလဒ်ပိုင်း ပိုမိုကျဉ်းမြောင်းလာတယ်။ ကစားရလည်း ခက်လာတယ်။ တစ်သင်းနဲ့ တစ်သင်း အနိုင်ရဖို့ မလွယ်တော့ဘူး။
မေး- လက်ရှိမှာ မြန်မာဘောလုံးသမားတွေအနေနဲ့ ပြည်ပသွားရောက်ကစားမှု နည်းနေပါသေးတယ်နော်။
ဖြေ- ဒါကတော့ ကစားသမားတိုင်းက အိမ်မက်ကိုယ်စီနဲ့ သွားရောက်ကစားချင်ကြမှာပါ။ ဒါပေမယ့် ဒီအဝန်းအဝိုင်းလေးထဲမှာပဲ နေပြီးတော့လည်း သာယာမနေစေချင်ဘူး။ တိုးတက်ရာ တိုးတက်ကြောင်း ကိုယ်တိုင် ရှာဖွေသင့်တယ်လို့ ထင်တယ်။ ဘာပဲပြောပြောခေတ်တွေက ပြောင်းနေပြီလေ။ အပြင်ထွက်ပြီး သွားကစားတာလည်း စိတ်ခေါ်မှုတစ်မျိုးပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ အားပေးပါတယ်။ အခုဆိုရင် အောင်သူ ပြည်ပထွက်ကစားတယ်။ အရင်တုန်းကလည်း ကျော်ဇေယျာဝင်းတို့၊ နန္ဒလင်းကျော်ချစ်တို့ စသဖြင့် ထွက်ကစားတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ သွားကစားတာ များလာမယ်လို့ ထင်ပါတယ်။ အခုဆိုလည်း ကမ်းလှမ်းမှုတွေ ပိုပြီးကြားနေရတယ်။ ဒါက ကောင်းမွန်တဲ့အခြေအနေတွေပါပဲ။
မေး- မြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သုံးသပ်ပေးပါအုံး။
ဖြေ- အခုတော့ ဘောလုံးအဖွဲ့ချုပ်ကလည်း အကယ်ဒမီတွေဖွင့်ပြီး လုပ်နေကျတာပဲလေ။ အရင်ကဆို ကစားသမားရှားတော့ ယူ- ၁၆ လည်းဒါပဲ။ ယူ-၁၇ ကလည်း ဒီအသင်းပဲလေ။ အခုဆို လက်ရွေးစင် အိမ်မက်က တော်တော်နဲ့ မက်ခွင့်မရှိတော့ဘူး။ အရမ်းကြိုးစားမှ ရတော့မယ်။ ပြိုင်ဆိုင်မှုတွေပိုများလာတယ်။ ကျွန်တော်ထင်ပါတယ်။ လက်ရွေးစင်ဖြစ်ချင်ကြတော့ တစ်သင်းနဲ့ တစ်သင်းက ပိုပြီးတော့လည်း ပြိုင်ဆိုင်မှု ပိုရှိလာတယ်။ ၂၀၀၉ နဲ့ စာရင် ယှဉ်ပြိုင်ရတာလည်း ပိုခက်လာတယ်။
မေး- ရန်ကုန်အသင်းပရိသတ်တွေကိုလည်း နှုတ်ဆက်စကားပြောပေးပါဦး။
ဖြေ- ဒီဟာနဲ့ ပတ်သက်လို့အစကတည်းက ပြောဖို့ စီစဉ်ထားတာပါ။ အသင်းပိုင်ရှင်နဲ့ အသင်းဥက္ကဌအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ကျွန်တော် ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ ပြီးတော့ ကစားဖော်တွေကိုလည်း ကျေးဇူးတင်တယ်။ ကစားဖော်တွေဆိုတာ ဒီတစ်သင်းတည်း မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အရင် အတူတွဲကစားခဲ့တဲ့ ကစားဖော်တွေလည်း ပါပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆရာသမားတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ရန်ကုန်အသင်းမှာ ကစားခွင့်ရတာ ကျွန်တော်အရမ်းကိုပဲ ပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ခုကိုလည်း
စိုက်ထူခွင့်ရခဲ့ပါတယ်။ ဒီအသင်းကိုလည်း အမြဲအမှတ်ရနေမှာပါ။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း ဒီအသင်းမှာ မျိုးဆက်သစ်တွေထွက်ပေါ်လာအောင် ဆက်လက်ကူညီပေးနေဦးမှာပါ။ အသင်းအတွက် တစ်တောင့် နေရာကနေ ဆက်လက်ကြိုးစားပေးနေဦးမှာပါ။
မေး- ဟုတ်ကဲ့ပါ.... ကိုခင်မောင်လွင်အနေနဲ့ အခု အင်တာဗျူးမှာ တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး
ဖြေ- အများကြီးတော့ မရှိပါဘူး။ ကျွန်တော်ကတော့ အခုအနားယူသွားပြီပေါ့။ နောက်မျိုးဆက်သစ်တွေ အနေနဲ့ ကြိုးစားဖို့ပေါ့။ ဘောလုံးသမားဆိုတာ အချိန်ရှိတုန်းလေး ခဏတာပိုင်ဆိုင်ခွင့်ရတာလေ။ ဒဏ်ရာအနာတရတွေ ကြီးကြီးမားမား မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပြောချင်ပါတယ်။  ကျေးဇူးတင်ပါတယ်။ 

'ခင်မောင်လွင်မှာ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၆ မာဒေးကားဖလား၊ ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား နှင့် ၂၀၀၇ ထိုင်းဆီးဂိမ်းငွေတံဆိပ်ဆုများကို ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် အတူအမှတ်ပေးဆုဖလား လေးကြိမ် (၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅) နှင့် ရှုံးထွက်ဖလား (၂၀၁၁) တို့ကို ရယူနိုင်ခဲ့သူလည်းဖြစ်သည်။'