Tuesday, January 23, 2018

စီနီယာအသင်းဖော်များနှင့် တွဲဖက်ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့် ဖွင့်ဟ

ယခုနှစ် MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းနှင့် အတူခြေစွမ်းပြ ကစား ကစားလျက်ရှိသည့် လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က စီနီယာအသင်းဖော်များနှင့် ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
 
“ကိုယ့်ထက်အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ကစားခွင့်ရပြီး ခြေစွမ်းပြ ကစားနိုင်လို့ ဂုဏ်ယူပါတယ်။ အသင်းနဲ့ မြန်မြန်ဆန်ဆန် အထိုင်ကျ ကစားနိုင်ပြီလို့ လည်း ထင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် ရတနာပုံအသင်း MPT Myanmar National League 2018 ပြိုင်ပွဲတွင် ပြည်တွင်း ကစားသမား များနှင့်သာ ယှဉ်ပြိုင်နေသည့် အခြေအနေနှင့် ပတ်သက်၍ “မြန်မာကစားသမားအချင်းချင်း ကစားရတာ ဆိုတော့ ပိုပြီး နားလည်မှုရှိတယ်။ တစ်ဦးပြောစကား တစ်ဦးနားလည်တယ်။ အချိတ်အဆက်မိမိ ကစားနိုင်တယ်။ ဒါက အသင်းအတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်” ဟု ဆိုသည်။
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)မှ ထွက်ပေါ်လာခဲ့သည့် မြတ်ကောင်းခန့် ၁၇ နှစ်သည် ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ၌ ပါဝင်ကစားခွင့် ရခဲ့ပြီး ယခုအခါ အသင်းအတွက် နှစ်ဂိုး သွင်းယူပေးထားနိုင်ပြီဖြစ်သည်။
၎င်းမှာ အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းတွက် အားထားရမည့် ကွင်းလယ်ကြယ်ပွင့် ကစားသမား တစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသည်။