Sunday, January 21, 2018

အိမ်ကွင်းတွင်သရေတစ်မှတ်ဖြင့်သာကျေနပ်လိုက်ရသည့်ဧရာဝတီ

MPT Myanmar National League 2018 (Week-2) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဧရာဝတီအသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေ၃း၃၀က ပုသိမ်မြို့ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထိုပွဲတွင်ပွဲကစားချိန်၁၇မိနစ်တွင် ဧရာဝတီအသင်းအတွက် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ကတ်စီယို ကန်သွင်းမှုအပေါ် ဆောက်သမ်းမြန်မာ ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ သို့သော် ၂၇ မိနစ်တွင် အိမ်ရှင်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကတ်စီရီုမှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဧည့်သည်အသင်းက တိုက်စစ်မြှင့် ကစားခဲ့ရာ ၂၉ မိနစ်တွင် ( တိုက်စစ်မှူး) ဝီလီယံမှ ချေပဂိုး ရယူပေးခဲ့သည်။ ၁ မိနစ်အကြာတွင် ဧရာဝတီ နောက်တန်းနှင့် ထိပြီး ဂိုးဝင်ခဲ့သဖြင့် ဆောက်သမ်းအသင်း ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ကာ ပထမပိုင်းအပြီး ဆောက်သမ်းအသင်းက ၂-၁ ဂိုးဖြင့် ပွဲကို ဦးဆောင်ဆောင်နိုင်ခဲ့သည်။
‌ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ရေး တိုက်စစ်မြှင့် ကစားခဲ့ပြီး ၅၁ မိနစ်တွင် အီဒူဘတ် အသင်းအတွက် အဖိုးတန် ချေပဂိုးအား သွင်းယူပေးခဲ့သည်။
ထို့နောက် နှစ်သင်းစလုံး အနိုင်ဂိုးများ သွင်းယူနိုင်ရေး အပြန်အလှန် တိုက်စစ်မြှင့် ကစားခဲ့သော် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်း မရှိသဖြင့် အဆိုပါ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့မှာ MPT Myanmar National League 2018 နှစ်ပွဲ စီ ကစားအပြီး နိုင်ပွဲ မရရှိသေးပေ။