Saturday, January 20, 2018

ရတနာပုံ-ရခိုင် - ၄:ဝဝ၊ မန္တလာသီရိ၊ (MNL FB Live)

ဧရာဝတီအသင်းအပေါ် ဂိုးပြတ်အနိုင်ရလဒ်နဲ့ မန္တလာသားတို့ရဲ့ ရာသီအဖွင့်က လှပခဲ့ပြီးပါပြီ။ ဒါဟာ အသင်းအတွက် ရလဒ်တစ်ခုတည်းသာမက ပြည်တွင်းထုတ်ကုန်တွေနဲ့လည်း စွမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြိုင်ဘက်အသင်းတွေဆီ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဒီညနေမှာတော့ ရတနာပုံအသင်းဟာ ပွဲစဉ်(၂) အဖြစ် ရခိုင်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ ရခိုင်အသင်းဆိုတာ ရတနာပုံနဲ့ တွေ့ဆုံတဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ သွင်းယူပြီး သရေရလဒ်တွေ ရယူထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။
အဖွင့်ပွဲစဉ်မှာ တန်းတက်စစ်ကိုင်းယူနိုက်တက်နဲ့ အကြိတ်အနယ် ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့တာလည်း တွေ့ရပါတယ်။ တိုက်စစ်မှူး ဆန်းဒေးကတော့ ရတနာပုံနောက်ခံလူတွေ သတိကြီးစွာထားပြီး ကစားရမယ့် သူအဖြစ် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် ဂိုးသမား ချမ်းငြိမ်းကျော်က အသိပေးထားပါတယ်။
ဒါကြောင့် ဒီညနေပွဲစဉ်မှာ … နည်းပြသစ် ဦးအောင်ကျော်မိုးရဲ့ ရတနာပုံအသင်းကပဲ မန္တလာမြေရဲ့ အရှင်သခင်အဖြစ် ဆက်လက်အောင်ပွဲခံမလား…။ အစွယ်ချွန်လို့ နယ်ကျွံလာတဲ့ ဧည့်သည် ရခိုင်အသင်းကပဲ အိမ်အပြန် ရမှတ်ပြည့် ယူဆောင်သွားမလားဆိုတာ . . . .