Thursday, January 18, 2018

ပူးတွဲသရေတွေထက် ထူးကဲခြေစွမ်းတွေ ထုတ်ပြမယ့် အသင်းတွေက ဘယ်အသင်းတွေလဲ....MPT Myanmar National League 2018 ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ဇန်နဝါရီ ၁၁ ရက်က စတင်ကျင်းပခဲ့တဲ့ MPT Myanmar National League 2018 ပွဲစဉ်(၁) ကို လက်ဝှေ့စကားနဲ့ ပြောရရင် ရှေ့ထွက်သုံးပွဲ အထနှေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အလူးအလဲနဲ့ ပူးတွဲသရေတွေ များခဲ့ပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်ပွဲတွေအဖြစ် တင်စားရမယ့် လက်ကျန်သုံးပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့တာကြောင့် ပရိသတ်ရင်ထဲ စွဲထင်စေတဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့မှာပါ။
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၂) က ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ပူးတွဲသရေတွေထက် ထူးကဲခြေစွမ်းတွေ ထုတ်ပြမယ့် အသင်းတွေက ဘယ်အသင်းတွေလဲ.....
ဒီတစ်ပတ်ပွဲစဉ်တွေမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ခြေစွမ်းမာကျောတဲ့ မကွေးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တဲ့ ရတနာပုံအသင်းက ခုတစ်ပတ်မှာ ရခိုင်ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး ရန်ကုန်ယူနိုက်တက်ကတော့ ဇွဲကပင် ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။ ဒါ့အပြင် မြဝတီ-ဂျီအက်ဖ်အေ၊ ဟံသာဝတီ-စစ်ကိုင်း၊ ဧရာဝတီ-ဆောက်သမ်း ပွဲစဉ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

၁၉-၁-၂၀၁၈
မကွေး-ရှမ်း - ၄းဝဝ၊ သုဝဏ္ဏ (MRTV Sports & For Sports)
အဖွင့်ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ထားတဲ့ နှစ်သင်းထိပ်တိုက် တွေ့ဆုံနေတာပါ။ ၂၀၁၈ ရာသီမှာ ပြည်ပကစားသမား မသုံးတဲ့ မကွေးအသင်းအနေနဲ့ ရာသီအစမှာ တန်းတက်မြဝတီအသင်းကို သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ အလားတူပဲ ရှမ်းအသင်းကလည်း ဇွဲကပင်အသင်းကို ဂိုးမရှိသရေရလဒ်သာ ကစားနိုင်ခဲ့လို့ လာမယ့်ပွဲက နှစ်သင်းစလုံး နိုင်ပွဲရယူဖို့ ကြိုးပမ်းရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရှမ်းအသင်းကပဲ နှစ်ကျော့စလုံး အနိုင်ရထားပါတယ်။

၂၀-၁-၂၀၈
ရန်ကုန်-ဇွဲကပင် - ၃း၃၀၊ Y.U.S.C (MRTV & For Sports)
ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ ကြိုးပမ်းနေတဲ့ ရန်ကုန်အသင်းအနေနဲ့ ပွဲစဉ်(၁)မှာတော့ အမှားအယွင်း မရှိခဲ့ပါဘူး။ ဇွဲကပင်အသင်းက မြန်မာနေရှင်နယ်လိဂ် အလယ်အလတ် အသင်းတစ်သင်း ဖြစ်ပေမယ့် ပွဲဦးထွက်မှာ လက်ရှိချန်ပီယံအသင်းကို ဂိုးမရှိသရေ ကစားထားတာ ထည့်တွက်ရမှာပါ။ ဒါ့အပြင် နည်းပြသစ် ဦးမင်းထွန်းလင်းရဲ့ နည်းပြဗျူဟာ အခင်းအကျင်းကလည်း ဒီပွဲမှာ စောင့်ကြည့်သွားဖို့ ကောင်းနေပါတယ်။ အိမ်ရှင် ရန်ကုန်အသင်း အသင်းအနေနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးမှာလည်း ဇွဲကပင်အသင်းကို အသာရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းအားနည်းမှုက ဒီပွဲရဲ့ အလှည့်အပြောင်းလည်း ဖြစ်သွားနိုင်ပါတယ်။

၂၀-၁-၂၀၈
ရတနာပုံ-ရခိုင် - ၄းဝဝ၊ မန္တလာသီရိ၊ (MNL FB Live)
ဧရာဝတီအသင်းအပေါ် ဂိုးပြတ်အနိုင်ရလဒ်နဲ့ မန္တလာသားတို့ရဲ့ ရာသီအဖွင့်က လှပခဲ့ပြီးပါပြီ။ ဒါဟအသင်း အတွက် ရလဒ်တစ်ခုတည်းသာမက ပြည်တွင်းထုတ်ကုန်တွေနဲ့လည်း စွမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြိုင်ဘက်အသင်းတွေဆီ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။  ဒီအသင်းဟာ ပွဲစဉ်(၂)မှာတော့ ရခိုင်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ ရခိုင်အသင်းဆိုတာ ရတနာပုံနဲ့ တွေ့ဆုံတဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဖွင့်ပွဲစဉ်မှာ တန်းတက်စစ်ကိုင်းယူနိုက်တက်နဲ့ အကြိတ်အနယ် ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ ရတနာပုံဂိုးသမား ချမ်းငြိမ်းကျော်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင် သွားရမှာလည်း ဖြစ်ပါတယ်။  ဒါကြောင့် နည်းပြသစ် ဦးအောင်ကျော်မိုးရဲ့ ရတနာပုံအသင်းကပဲ မန္တလာမြေရဲ့ အရှင်သခင်အဖြစ် ဆက်လက်အောင်ပွဲခံမလား…။ အစွယ်ချွန်လို့ နယ်ကျွံလာတဲ့ ဧည့်သည် ရခိုင်အသင်းကပဲ အိမ်အပြန် ရမှတ်ပြည့် ယူဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

၂၀-၁-၂၀၈
မြဝတီ-ဂျီအက်ဖ်အေ - ၄းဝဝ၊ အောင်ဆန်း ( MNL Web TV FB Live)
မကွေးအသင်းနဲ့ အဖွင့်ပွဲစဉ်မှာ ပြသခဲ့တဲ့ မြဝတီအသင်းရဲ့ ခြေစွမ်းက မြန်မာနေရှင်နယ်လိဂ်ကို အလည်လာရုံ သက်သက်မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားကစားသမားတွေ ပါဝင်လာမယ့် ဂျီအက်ဖ်အေ အသင်းရဲ့ တိုက်စစ်ဆင်မှုကို မြဝတီအသင်း နောက်ခံလူတွေ ကြာရှည်ခုခံနိုင်စွမ်း ရှိပါ့မလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

၂၁-၁-၂၀၁၈
ဟံသာဝတီ-စစ်ကိုင်း - ၃း၃၀၊ ပဲခူး (MRTV & For Sports)
၂၀၁၇ ရာသီ ဒုတိယအကျော့မှာ ပဲခူးကွင်းကို အိမ်ကွင်းအဖြစ် ခမ်းခမ်းနားနားဖွင့်လှစ် ယှဉ်ပြိုင်ခဲ့ပေမယ့် ဟံသာဝတီအသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက လက်ရှိအချိန်အထိ ခမ်းခမ်းနားနား မရှိသေးဘူးဆိုတာ ပြီးခဲ့တဲ့ ရန်ကုန်အသင်းနဲ့ပွဲစဉ်က သက်သေပြနေပါတယ်။ ငါးပွဲယှဉ်ပြိုင်အပြီးမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ကြုံတွေ့ထားတာ တွေ့ရပါတယ်။ ဒါကြောင့် အိမ်ကွင်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းဆိုတာ MPT Myanmar National ပြိုင်ပွဲအတွက် မျက်နှာသစ် အသင်းတစ်သင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျက်နှာသစ်အသင်းတစ်သင်း အဖြစ် မထင်မှတ်ရလောက်အောင် ရာသီအစ ရခိုင်အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် အိမ်ရှင်အသင်းရဲ့ နိုင်ပွဲဆောင်လောင်မှု၊ စစ်ကိုင်းယူနိုက်တက်အသင်းသားတွေရဲ့ တုံ့ပြန်မှုတွေကြောင့် ပဲခူးမြေမှာ ပွဲကောင်းတစ်ပွဲအဖြစ် ရှုစားရဖို့ ရှိနေပါတယ်။

၂၁-၁-၂၀၁၈
ဧရာဝတီ-ဆောက်သမ်းမြန်မာ- ၃း၃၀၊ ပုသိမ်၊ (MNL FB Live)
ရာသီအစမှာ ပြည်တွင်းလူငယ်ကစားသမားအများစု ပါဝင်တဲ့ ရတနာပုံအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရလို့ ဧရာဝတီအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေ ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနောက်တန်းကလည်း ပုံမှန်အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် နည်းပြဦးကျော်လွင်အနေနဲ့ သူ့အသင်းရဲ့ လိုအပ်ချက်တွေကို အချိန်မီဖာထေးပြီး ရာသီသစ်အတွက် အိမ်ကွင်းပထမဆုံးနိုင်ပွဲ ရယူပေးဖို့ ပြင်ဆင်လာမှာပါ။ ဧည့်သည် ဆောက်သမ်းအသင်းအနေနဲ့ ရာသီမစခင်မှာ ပြည်ပနည်းပြခန့်အပ်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပြည်တွင်းနည်းပြနဲ့ပဲ ဖြတ်သန်းတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ခေါ်ယူထားခဲ့တဲ့ ပြည်တွင်းကစားသမားတွေကြောင့် အိမ်ကွင်း၊ အဝေးကွင်းမရွေး ခြေစွမ်းပြနိုင်မယ့် အသင်းအဖြစ်လည်း သတ်မှတ်ခံနေရပါတယ်။ ပွဲဦးထွက်မှာတော့ ဂျီအက်ဖ်အေအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။ မြန်မာ့စပါးကျီမြေကို လာရောက်တဲ့ ခရီးမှာရော… ဘယ်လိုရလဒ်ထွက်ပေါ်မှာလဲ ဆိုတာ စောင့်ကြည့်ရမှာပါ….။