Tuesday, January 9, 2018

MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦး၊ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၌ တာဝန်ထမ်းဆောင်လျှက်ရှိသည့် အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ယနေ့အခမ်းအနားပြုလုပ်ရခြင်းနှင့် စပ်းလျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦးက မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ ကစားသမားသစ် ခေါ်ယူစာချုပ်ခြင်း မပြုလုပ်မီ မဖြစ်မနေ ကျန်းမာရေး စစ်ဆေးရမည့် အချက်များအား ရှင်းလင်းပြောကြား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်မှ ဒိုင်လူကြီးဥပဒေသများ (Laws of the Games) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကားပြောဆိုရာတွင် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲမတိုင်မီ MFF Charity Cup 2018 ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထို့ကြောင့် နှစ်ဖက်ကလပ်အသင်းများ၊ ဒိုင်လူကြီးများ၊ ပရိသတ်များနှင့် သက်ဆိုင်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် MPT နှင့် Partnership Signing လက်မှတ်ရေးထိုးထားသည့် အချိန်တွင် MPT တာဝန်ရှိသူများမှလည်း ယင်းပွဲစဉ်နှင့် ပတ်သက်၍ ကျေနပ်အားရမှု ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ရာသီသစ်အတွက် အောင်မြင်သည့် ခြေလှမ်းတစ်ရပ်ကို စတင် လျှောက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ယခင်နှစ်များထက် ပရဟိတအဖွဲ့အစည်းများသို့ ပိုမိုလှူဒါန်းနိုင်ခဲ့သည့်အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါကြောင်းပြောကြားသည်။
ဆက်လက်၍ ၎င်းက ပရော်ဖက်ရှင်နယ် စစ်စစ်သို့ ကူးပြောင်းရာတွင် ယနေ့ရှင်းလင်းပြောကြားမည့် အချက်များ မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ကစားသမားများ ကွင်းထဲ၌ လှုပ်ရှားနေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုများ၊ နှလုံးနှင့် သက်ဆိုင်သည့် အရေးပေါ်အခြေအနေများ၊ ကွင်းအတွင်း လဲကျသေဆုံးမှုများ မရှိသေးသော်လည်း ထိုကဲ့သို့ အချိန်မရွေး ကြုံတွေ့လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ဘောလုံးပွဲတစ်ပွဲ၏ အဓိကအချက် Laws of the Game ပင်ဖြစ်ပါကြောင်း၊ ဘောလုံးဥပဒေအား လူတိုင်းသိရှိနားလည်သော်လည်း လူတိုင်း လိုက်နာကျင့်သုံးမှု အားနည်းပါကြောင်း မိမိအသင်း၏ ရပိုင်ခွင့်တစ်ခုတည်းကိုသာ အခြေခံ၍ ဒိုင်လူကြီးများအပေါ် ပိုမိုတောင်းဆိုမှုများ ရှိနေပါကြောင်း၊ Laws of the Game နှင့် ပတ်သက်၍ ပိုမို၍ သိရှိကျွမ်းကျင်လာစေရန် အရေးပေါ်အသက်ကယ်ခြင်း နှင့် ပတ်သက်၍ သိရှိနိုင်စေရန် ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ကလပ်အသင်းများအနေဖြင့် ဆရာဝန်များ၏ အကြံဉာဏ်ပေးအပ်ခြင်းနှင့် ဘောလုံးဥပဒေများနှင့် ပတ်သက်၍ လိုအပ်လျှင် ဖိတ်ကြား၍ ဆောင်ရွက်နိုင်ပါကြောင်း စသဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦးက လာမည့်ရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်ရာ၌ နစ်နာမှု မရှိစေရန် ကစားသမားသစ်ခေါ်ယူရာတွင် စစ်ဆေးရန် ပေးပို့ထားသည့် အချက်အလက်များအတိုင်း ကျန်းမာရေး ဆေးစစ်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည့်အချက်များ၊ ကစားသမားများ ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာ အာမခံထားရှိရေးနှင့် ပတ်သက်သည့် အချက်များ၊ ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ လက်ခံကျင်းပမည့် ကွင်းများ၌ အောက်ဆီဂျင်အိုးများ ထားရှိပေးသွားမည့် အခြေအနေများ၊ မြန်မာနေရှင်နယ်လိဂ် အိမ်ကွင်းလက်ခံကျင်းပမည့် နယ်ကွင်းများ၌ ဆေးအဖွဲ့နှင့် လူနာတင်ယာဉ်ထားရှိပေးသွားမည့် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်က IFAB (International Football Association Board) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) တို့မှ လာမည့် ၂၀၁၈ ခုနှစ်အတွက် အထူးဖြည့်စွက်ထားသည့် ဘောလုံးဥပဒေသများနှင့် ပတ်သက်၍လည်းကောင်း၊ ဘောလုံးစည်းမျဉ်းဥပဒေများအား သိရှိနားလည်ထားပါက ဒိုင်လူကြီးအား စောဒကတက်ခြင်းများ နည်းပါးသွားမည်ဖြစ်ကြောင်း ယခုဆိုလျှင် ၂၀၀၉ ခုနှစ်မှ စတင်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ဒိုင်လူကြီးများအပေါ် စောဒကတက်ခြင်းများ လျော့နည်းလာပါကြောင်း၊ ယင်းမှာ ကစားသမားများ၊ အုပ်ချုပ်/နည်းပြများ နှင့် ပရိသတ်များ အနေဖြင့် ယခင်ကထက် ဘောလုံးဥပဒေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနအနေဖြင့် ကလပ်အသင်းများသို့ သွားရောက်၍ ဘောလုံးစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားမှုများ နှစ်စဉ်ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အသင်းများအနေဖြင့် ဥပဒေနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များအပေါ် www.theifab.com သို့ ဝင်ရောက်၍ လေ့လာနိုင်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနသို့ လာရောက်၍လည်း မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ကလပ်အသင်းများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် ပြန်လည်ဆွေးနွေးပြောကြားခြင်းနှင့် ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အချိန်၊ငွေအင်အား၊ လုပ်အား ရင်းနှီး၍ မြန်မာ့ဘောလုံးလောကတိုးတက်ရေး လုပ်ဆောင်နေသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် မနိုင်ချင်သည့် အသင်း မရှိပါကြောင်း၊ ဒိုင်လူကြီးများသည်လည်း လူသားများ ဖြစ်သည့်အလျှောက်အမှားအယွင်းများ ရှိနိုင်ပါကြောင်း၊ ဒိုင်တွေကြောင့် စိတ်ညစ်ရခြင်းများ ရှိပါက ဒိုင်များအပေါ် ကိုယ်ချင်းစာတရား ထားပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု ထားရှိရန်လည်း လိုအပ်ပါကြောင်း၊ သို့သော်ဒိုင်များအနေဖြင့် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုနှင့် လုပ်ပွဲ ဆန်ဆန်မှားယွင်းဆုံးဖြတ်မှုများ မရှိပါကြောင်း၊ ယခင်ကလည်း မရှိသကဲ့သို့ နောင်လည်း ရှိလာမည် မဟုတ်ပါကြောင်း၊ ကလပ်အသင်းများ အနေနှင့်လည်း Laws of the Game နှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်အောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါကြောင်း၊ ယင်းအပြင် ကစားသမားများ၏ နေထိုင်၊စားသောက်မှုပုံစံကိုပါ ဂရုစိုက်ပေးရန် တိုက်တွန်းပါကြောင်း၊ ကစားသမားများ ဒဏ်ရာ အနာတရ ကင်းစင်၍ လိုချင်သည့် ရလဒ်များလည်း ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းစကားပြောကြားပေးခဲ့ကာ ယနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့သည်။