Sunday, January 7, 2018

ရာသီသစ်အတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကြယ်ပွင့် ကစားသမား သုံးဦးအား တစ်ပြိုင်တည်း ခေါ်ယူခဲ့သည့် ရတနာပုံအသင်း

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသည့် ရတနာပုံအက်ဖ်စီ အသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 ပြိုင်ပွဲ အတွက် ကစားသမား ခေါ်ယူမှုကို အရှိန်အဟုန်မြှင့် ပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်။
လာမည့် ၂၀၁၈ ဘောလုံးရာသီအား ပြည်တွင်းကစားသမားများဖြင့်သာ ဖြတ်သန်းမည်ဟု ဆိုထားခဲ့သည့် ရတနာပုံ အသင်းအနေဖြင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းမှ အားထားရသည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ကွင်းလယ်ကစားသမားများဖြစ်သည့် ပြည့်စုံနိုင်နှင့် မြတ်ကောင်းခန့် တို့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံအက်ဖ်စီ အသင်းသည် မြန်မာဘောလုံးအကယ်ဒမီထွက်-မန္တလေး ကစားသမားသုံးဦးအား တစ်ရာသီ သဘောတူစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရှိထားရသည်။ ချန်ပီယံဟောင်း ရတနာပုံ အသင်းအနေဖြင့် သက်နိုင်၊ သိန်းသန်းဝင်း အစရှိသည့် စီနီယာ ကစားသမားများကို သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည့် အပြင် ချမ်းငြိမ်းကျော် (ဂိုး)၊ နောက်ခံလူများဖြစ်သည့် ထလွန်ဟုတ်ထန်း၊ အောင်ဝဏ္ဏစိုးနှင့် တောင်ပံတိုက်စစ်ကစားသမား ဘီဘီတို့ကိုလည်း ခေါ်ယူထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နည်းပြသစ် ဦးအောင်ကျော်မိုး ဦးဆောင်လာမည့် ရတနာပုံအသင်း၏ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် ခေါ်ယူမှုမှာ ၇ ဦး အထိ ရှိလာခဲ့သည်။
ရာသီသစ်အတွက် အသင်း၏ အဓိက တိုက်စစ်မှူး အောင်သူကို လက်လွှတ်လိုက်ရသည့် အနေအထားတွင် ဝင်းနိုင်စိုး၊ ရှိုင်းသူရ၊ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ ဘီဘီ အစရှိသည့် လူငယ် တိုက်စစ် အစုအဖွဲ့ဖြင့် ပွဲထွက်လာမည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အသင်း၏ MPT Myanmar National League 2018 ရာသီတွင် ဘယ်အတိုင်းအတာအထိ ခရီးပေါက်မည်လဲဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။