Saturday, December 2, 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် All Nippon Airways တို့၏ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် All Nippon Airways တို့၏ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို နိုဗိုတယ်ရန်ကုန် ဟိုတယ် မက်စ်၌ နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် နှစ်နာရီအချိန်က ကျင်းပခဲ့သည်။ အမေရိကန် ဒေါ်လာ ၂၅၀၀၀၀တန်ကြေးရှိ ယင်းစပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင် ဇော်၊ မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီအိုအို ဦးဆူးအောင်၊ ANA ရန်ကုန်ရုံး၊ အထွေထွေမန်နေဂျာ Mr. Suzuki နှင့် အခြားတာ ဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက
 "ဂျပန်ကုမ္ပဏီတွေက မြန်မာ့ဘောလုံးလောကကို အများကြီး အထောက်အပံ့ပေးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ဂျပန် ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ MPT နဲ့ မြန်မာနေရှင်နယ်လိဂ်တို့ စပွန်ဆာ စာချုပ် ချုပ် ဆိုနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ANA နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ စပွန်ဆာစာချုပ် ထပ်မံ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ ကျွန်တော်တို့အတွက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်ခဲ့ပါတယ်" 
ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ANA ရန်ကုန်ရုံး၊ အထွေထွေမန်နေဂျာ Mr. Suzuki က 
"မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးနဲ့ ပတ်သက်ပြီး လုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအသင်းဟာ အာရှမှာလဲ ချန်ပီယံဆုတွေ ရယူခဲ့ဖူးတဲ့ အသင်းဖြစ်သလို မြန်မာပရိသတ်တွေဟာလည်း ဘောလုံးနဲ့ ပတ်သက်ရင် အရမ်းကိုတက်ကြွကြပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးကောင်းမွန်တဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် အခုလို စပွန်ဆာပေးခဲ့ရတာပါ"
ဟု စပွန်ဆာ ပေးရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
စပွန်ဆာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်နှင့် ANA ရန်ကုန်ရုံး၊ အထွေထွေမန်နေဂျာ Mr. Suzuki တို့က သဘောတူစာချုပ်များတွင် လက်မှတ်များ ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မီဒီယာများမှ သိလိုသည်များကို မေးမြန်းရာ Mr. Suzuki က မြန်မာ့လက်ရွေးစင်အသင်းရဲ့ ရလဒ်ပိုင်း သိပ်မကောင်းခဲ့ရင်တောင်မှ ANA အနေဖြင့် အားကစားလှုပ်ရှားမှုအမျိုးမျိုးကို အထောက်အပံ့ပေးရင်းနှင့် ပိုမိုကောင်းမွန်တဲ့ ဘောလုံးလောကဖြစ်အောင် ရှေ့ဆက်ကူညီသွားမြည်ဖြစ်ကြောင်း ထို့အပြင် မြန်မာ့လက်ရွေးစင်အသင်းတွေရဲ့ အောင်မြင်တဲ့အနာဂတ်ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ပူးပေါင်းပြီး Football Clinic တွေကိုလည်း မြန်မာနိုင်ငံ အနှံအပြားမှာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ ပြီး စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်