Saturday, December 2, 2017

မင်းဘူးမှ ဘုန်းမင်းခန့်အား ရှမ်းယူနိုက်တက်ခေါ်ယူ

နိုဝင်ဘာ ၃၀၊ ၂၀၁၇


လူငယ်သွေးသစ်ကစားသမားများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် လာရောက်ရွေးချယ်ခံသော လူငယ်များအနက်မှ ဘုန်းမင်းခန့်အား ပထမဆုံးရွေးချယ်မှုအဖြစ်
ရွေးချယ်လိုက်ပြီ ဖြစ်သည်။
၂၀၀၀ ခုနှစ်ဖွား ဘုန်းမင်းခန့်သည် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ
မန္တလေး ဘောလုံး အကယ်ဒမီတွင် တက်ရောက် ဆည်းပူးခဲ့သူဖြစ်သည်။
ဘုန်းမင်းခန့်သည် မင်းဘူးမြို့တွင် နေထိုင်သူဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း လူရွေးပွဲသို့ သူငယ်ချင်း ၄ ဦးနှင့် အတူလာရောက်ရွေးချယ်ခံခဲ့သည်။ ၎င်း၏ ခြေစွမ်းကို ရှမ်းယူနိုက်တက်အသင်းနည်းပြများက ကြိုက်နှစ်သက်သောကြောင့် ချက်ချင်းရွေးချယ်ကာ အသက် ၁၉ နှစ်အောက် အသင်းတွင် ကစားစေမည်ဖြစ်သည်။
" မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက် ယူ ၁၉ အသင်းက ကွင်းလယ်လူနှစ်ယောက်စလုံးကို ယူ ၂၁ အသင်းဆီ ခေါ်သွားမှာပါ။ ကျနော်တို့ ယူ ၁၉ အသင်းက ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းပါ။ တကယ်ခြေစွမ်းရှိတဲ့သူကိုပဲ အသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အခု ဘုန်းမင်းခန့်က ကွင်းလယ်လူတစ်ယောက်မှာ
ရှိသင့်တဲ့ အမြင်တွေ၊ အတွေးတွေ အားလုံးရှိတယ်။ သူ့ကို ကျနော်တို့ နည်းပြအားလုံး သဘောကျလို့ ရွေးလိုက်တာပါ "
 ဟု ဦးမင်းသူက ဆိုသည်။

ဦးမင်းသူသည် ပြီးခဲ့သော ဘောလုံးရာသီက ရှမ်းယူနိုက်တက် ယူ ၁၉ အသင်းနှင့်အတူ ချန်ပီယံဖြစ်ခဲ့ဖြစ်ပြီး၊ လာမည့် ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက် ယူ ၂၁ အသင်းကို တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။

" အခုလို ချက်ချင်းကြီး အရွေးခံရမယ်လို့ ထင်မထားပါဘူး။ ဒီည မပြန်ရတော့ပါဘူး၊ အဆောင်မှာ ချက်ချင်းနေရတော့မှာပါ။ အိမ်ကိုဖုန်းဆက်တော့ အရမ်းဝမ်းသာနေကြတယ်။ မြန်မာ့လက်ရွေးစင် ဖြစ်တဲ့အထိ ကြိုးစားသွားပါမယ် " 
ဟု အရပ် ၅ ပေ ၈ လက်မ အမြင့်ရှိသော ဘုန်းမင်းခန့်ကဆိုသည်။