Saturday, December 2, 2017

ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီအသင်းမှ မောင်မောင်လွင်ကို ၃ နှစ်စာချုပ် ချုပ်ဆို

၂၀၁၈ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ဟံသာဝတီ အသင်းမှ ကွင်းလယ်ကစားသမား မောင်မောင်လွင် ကို ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
အသက် ၂၂ အရွယ်ရှိ မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင် သည် ကစားသမား ဘဝကို ဟံသာဝတီ အသင်းနှင့်အတူ ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး သက်တမ်းအလိုက်နှင့် လက်ရွေးစင် အသင်းများတွင် ပါဝင်ကစားနေသည့် ကစားသမားလည်း ဖြစ်သည်။ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် မြန်မာ ယူ-၁၉ အသင်းနှင့် ခြေစွမ်းပြ ကစားခဲ့ပြီး ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင် ကစားခဲ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။
"ရန်ကုန် ယူနိုက်တက် က အသင်းကြီးဖြစ်တဲ့အပြင် အရင်ကလည်း လာရောက်အရွေးခံဖူးပါတယ်။ အရင်ကတည်းက ရန်ကုန် အသင်းမှာ အရမ်းကစားချင်ခဲ့တာပါ။ အဲ့ဒီအတွက် အခုလိုမျိုး အပြောင်းအရွှေ့ဖြစ်မြောက်သွားတဲ့အတွက် ဝမ်းသာပါတယ်၊ ပီတိလည်းဖြစ်ပါတယ်။ ရန်ကုန် အသင်းအတွက် အများကြီး ကြိုးစားသွားမှာပါ"
ဟု မောင်မောင်လွင်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး 
"ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်ပေးတဲ့အတွက် အသင်းပိုင်ရှင်၊ အသင်းဥက္ကဌ နဲ့ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ ရန်ကုန် အသင်းနဲ့အတူ ချန်ပီယံ ဆုဖလား ရရှိအောင် ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် ပရိသတ်များကလည်း ကျွန်တော့်ကို အားပေးဖို့ ပြောချင်ပါတယ်"
ဟု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။