Monday, December 11, 2017

၂၀၁၈ တွင် ဧရာဝတီအသင်း ပရိသတ်များ စိတ်မပျက်စေရဟု ဧရာဝတီအသင်း မန်နေဂျာပြော

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲအပြီးတွင် အဆင့် ၄နေရာ၌ ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ရပြီး လာမည့် ၂၀၁၈ ဘောလုံးရာသီတွင် ဧရာဝတီအသင်း ပရိသတ်များ စိတ်မပျက်စေရရန် အေကာင်းဆုံးကြိုးစားသွားမည်ဟု ဧရာဝတီယူနိုက်တက်အသင်း မန်နေဂျာ ဦးမျိုးဝင်းက ပြောခဲ့သည်။

လက်ရှိတွင် ဧရာဝတီယူနိုက်တက်အသင်းသည် MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က မဟာယူနိုက်တက်အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်း၏ လက်ရှိ ကြိုတင်ပြင်ဆင်မှု အနေအထားနှင့် ပတ်သက်၍ အသင်း မန်နေဂျာ ဦးမျိုးဝင်းက '' နိုင်ငံခြားကစားသမား သုံးယောက်ခေါ်ဖို့ ရှိပါတယ်။ နောက်တန်းရယ်၊ ရှေ့တန်းနှစ်ယောက်ရယ်။ လက်ရှိတော့ ပြည်တွင်းကော၊ ပြည်ပ ကစားသမားအချို့ လာစမ်းနေကြတယ်။ နောက်ထပ် ၁၆ ရက်၊ ရက် ၂၀ လောက်ကြမှ ဆုံးဖြတ်မယ်။ လောလောဆယ် ကင်မရွန်းက နောက်တန်းကစားသမားတစ်ယောက်ပဲ လာစမ်းနေပါသေးတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဧရာဝတီယူနိုက်တက်အသင်းတွင် ပြည်ပကစားသမားများအဖြစ် လိုက်ဘေးရီးယားတိုက်စစ်မှူး ကိသ်၊ ပြင်သစ်ကွင်းလယ်လူ ဆီဘတ်စတိန်း၊ ကင်မရွန်းနောက်ခံလူ ဒွန်ဂိုတို့ ကစားခဲ့ကြသည်။ အဆိုပါပြည်ပကစားသမားများနှင့် ပတ်သက်၍ ဦးမျိုးဝင်းက " ကိသ်က အခု စပိန်ကလပ်အသင်းတစ်သင်းမှာကစားနိုင်ဖို့ သွားနေတယ်။ သူက စပိန်မှာ အဆင်မပြေခဲ့ရင် ဧရာဝတီအသင်းကို ပြန်လာမယ်။ ဒါပေမယ့် ကိသ် က လစာတိုးဖို့ တောင်းဆိုထားတာရှိတယ်။ ဒါကကိသ်အခြေအနေပါ။ ပြင်သစ် ကွင်းလယ်လူ ဆီဘတ်စတိန်းနဲ့ ပတ်သက်ပြီး လက်ရှိ လာစမ်းသပ်နေတဲ့ ကစားသမားတွေက သူလောက်မကောင်းခဲ့ဘူးဆိုရင် ဆီဘတ်စတိန်းကို ပြန်ခေါ်ဖို့ အသင်းပိုင်ရှင်ကို တင်ပြသွားမယ်။ နောက်ခံလူ ဒွန်ဂိုကတော့ အသင်းက ထွက်ခွာခွင့်ပေးလိုက်ပါပြီ။ လာမယ့် ဘောလုံးရာသီမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးပူးပေါင်းပြီး လုပ်မှာပါ။ ဒီနှစ်မှာ ဧရာဝတီအသင်းပရိသတ်တွေ စိတ်မပျက်စေရပါဘူးလို့..အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်" ဟု ပြောခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် ရှုံးထွက်ဘာလုံးပြိုင်ပွဲ များတွင် ချန်ပီယံ သုံးကြိမ်တိုင်တိုင် ရရှိခဲ့သော်လည်း အမှတ်ပေးပြိုင်ပွဲတွင်မူ ချန်ပီယံဆု ရရှိခဲ့ဖူးခြင်းမရှိဘဲ အမြင့်ဆုံးအနေဖြင့် အဆင့် ၂ နေရာသာ ရရှိခဲ့ဖူးသည်။