Thursday, December 14, 2017

လာမည့်နှစ် MNL-I နှင့် MNL-II ပြိုင်ပွဲများအတွက် မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများနှင့် ကလပ်အသင်းတာဝန်ရှိသူများ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများနှင့် ကလပ်အသင်းတာဝန်ရှိသူများ ပါဝင်ပြီး လာမည့်နှစ် MNL-1 နှင့် MNL-II ပြိုင်ပွဲများအတွက် ပွဲစဉ်ဇယား အတည်ပြု ထုတ်ပြန်နိုင်ရေး၊
ပြိုင်ပွဲများအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် ပွဲစဉ်ဇယား ရေးဆွဲထုတ်ပြန်ထားရှိမှု၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ လာမည့်နှစ်တွင် မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းများ ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်
အခြေအနေများ၊ ကစားသမား၊ကလပ်အသင်းနှင့် အေးဂျင့်များအကြား စာချုပ် ချုပ်ဆိုရာ၌ စနစ်တကျပြုလုပ် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ ၂၀၁၈ ဘောလုံးရာသီအတွင်း MPT, MFF, MNL နှင့် ကလပ်အသင်းများ ပူးပေါင်း၍ Grassroots Football Festival ၊ ယူ-၁၄ပြိုင်ပွဲ၊ University Tournament ပြိုင်ပွဲများ ကျင်းပသွားရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကလပ်အသင်း တာဝန်ရှိသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ နိဂုံးချုပ်
အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေး၌ MPT Myanmar National League 2018 ပြိုင်ပွဲ ပထမအကျော့ကို ဇန်နဝါရီ ၁၂ ရက်မှ ဧပြီ ၃၀ ရက်အထိ လည်းကောင်း၊ ဒုတိယအကျော့ပြိုင်ပွဲကို မေလ ၁၉ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။