Saturday, December 2, 2017

ထိုင်းကလပ် Police Tero အသင်းသို့ အောင်သူ ပြောင်းရွှေ့ကစားရန် အပြီးသတ် သဘောတူညီမှုရ

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူသည် ထိုင်း League T1 ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် Police Tero အသင်းပိုင်ရှင် ဘရိုင်ယန်မာကာသည် နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံပြီးနောက် အောင်သူ၏ အပြောင်းအရွှေ့ကိစ္စအတွက် အပြီးသတ် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ အောင်သူသည် လာမည့်ရာသီတွင် ထိုင်း League T1 သို့ ပြောင်းရွှေ့ကစားမည် ဖြစ်ပြီး Police Tero အသင်းသည် ၎င်းင်းအား လစာအပြင် နေထိုင်သွားလာမှုကုန်ကျစရိတ် များကိုပါ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူသည် မြန်မာ ယူ-၁၉ အသင်းမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ် ပြီး ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ စသည့် အဓိက နိုင်ငံတကာပြိုင်ပွဲများတွင် ခြေစွမ်းပြကစား နိုင်ခဲ့သောကြောင့် ပြည်ပကလပ်အသင်းများ ၏ စိတ်ဝင်စားမှုကို ခံခဲ့ရကာ ကစားသမားဘဝ ပထမဆုံးပြည်ပထွက်ကစားခြင်းဖြစ်သည်။