Wednesday, December 27, 2017

နည်းပြချုပ် ဖေဘီယာနိုနှင့် ဆောက်သမ်းအသင်း ဆက်လက် လက်တွဲမည်

မကြာမီ စတင်ကျင်းပတော့မည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လျှက် ရှိသည့် ဆောက်သမ်းမြန်မာ အသင်းသည် ပြီးခဲ့သည့် ရာသီက အသင်းကို ရလဒ်ကောင်းများ ဆောင်ယူပေးခဲ့သည့် ပေါ်တူဂီလူမျိုး နည်းပြချုပ် ဖေဘီယာနိုကို လာမည့် ရာသီသစ်အတွက် ဆက်လက်လက်တွဲသွားမည် ဖြစ်သည်။
နည်းပြ ဖေဘီယာနိုသည် ပြီးခဲ့သည့် ဘောလုံးရာသီ ဒုတိယ အကျော့တွင် ဆောက်သမ်း အသင်းသို့ ရောက်ရှိ ခဲ့သူဖြစ်ပြီး ဆောက်သမ်း အသင်းအားရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဆောက်သမ်း အသင်း အနေဖြင့် နည်းပြ ဖေဘီယာနိုအား ထပ်မံစာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေ ခြင်းဖြစ်ပြီး လက်ရှိတွင် ဖေဘီယာနိုနှင့် စာချုပ်သစ် ချုပ်ဆိုရန် အကြို သဘောတူညီမှု ရရှိ ထားသည်။
ထို့ပြင် ဆောက်သမ်း အသင်းသည် လက်ရှိတွင် နိုင်ဂျီးရီး ယား တိုက်စစ်မှူးတစ်ဦးနှင့် ဂီနီကွင်းလယ် ကစားသမား တစ်ဦးအား ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိထား သည်။ ဆောက်သမ်း အသင်းအနေဖြင့် ပြည်ပ နောက်တန်း ကစားသမား တစ်ဦးကိုလည်း ထပ်မံခေါ်ယူရန် စီစဉ်နေသည်။
ဆောက်သမ်းမြန်မာ အသင်းသည် ကွင်းလယ်အား ဖြည့်တင်းမှု အဖြစ်လည်း မကွေးအသင်းမှ လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဟိန်းဇာအောင်ကို ခေါ်ယူအားဖြည့်လိုက်ကြောင်း သိရသည်။ ဟိန်းဇာအောင်သည် မြန်မာ့လက်ရွေးစင် အဖြစ် ၂၀၁၅ ခုနှစ်က ရွေးချယ်ခံခဲ့ရဖူးသူ ဖြစ်ပြီး မကွေးအသင်းတွင် ကာလရှည် ကစားခဲ့သူလည်း ဖြစ်သည်။