Wednesday, December 27, 2017

ထိုင်းလိဂ်-၂ ကလပ် ဆာမက်ဆာခွန်အသင်းသို့ ဒုတိယအကြိမ် သွားရောက်ကစားမည့် ကောင်းဆက်နိုင်

ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်မှူးဟောင်း ကောင်းဆက်နိုင်သည် ထိုင်းလိဂ်-၂ ကလပ် ဆာမက်ဆာခွန်အသင်းသို့ ဒုတိယအကြိမ် တစ်ရာသီ သဘောတူစာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်ကြောင်းသိရသည်။
ကောင်းဆက်နိုင်သည် ၂၀၁၆ ရာသီကလည်း အဆိုပါ ထိုင်းကလပ်အသင်းတွင်တစ်ရာသီ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ကာ အသင်းပရိသတ်များ၏ ချစ်ခင်အားပေးမှုကိုပါ ရရှိခဲ့သူဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်းအနေဖြင့် အသင်းဟောင်းနှင့် ပြန်လည် လက်တွဲခွင့်ရခဲ့သည့်အတွက် ပျော်ရွှင်မိသည်ဟု ပြောဆိုခဲ့ပြီး လာမည့်နှစ်ရာသီတွင် ထိုင်းလိဂ် ၁ ပြိုင်ပွဲသို့ တက်ရောက်ကစားနိုင်ရန် အစွမ်းကုန်ကြိုးစားပေးသွားမည်ဟု ကလပ်အသင်းနှင့် နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုမှုအပြီးတွင် ပြောဆိုခဲ့သည်။
ကောင်းဆက်နိုင်သည် လာမည့်နှစ်ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက်ကစားမည့် ပဥ္စမမြောက် မြန်မာနေရှင်နယ်လိဂ် ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့သည်။
၎င်းမတိုင်မီတွင် ရတနာပုံတိုက်စစ်မှူး အောင်သူက ထိုင်းလိဂ် ၁ကလပ် Police Tero FC အသင်းတွင်လည်းကောင်း၊ ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုက ထိုင်းလိဂ် ၁ ကလပ် ချင်းရွိ့ုင်ယူနိုက်တက်အသင်းတွင်လည်းကောင်း၊ ဆောက်သမ်းမြန်မာကစားသမားဟောင်းများဖြစ်သည့် ဝင်းလှိုင်ဦးက ထိုင်းလိဂ် ၃ ကလပ် ရနောင်းယူနိုက်တက်အသင်းတွင်လည်းကောင်း၊ ကျော်ဖြိုးဝေက ထိုင်းလိဂ် ၃ ကလပ် ဖူးခက်စီးတီးအသင်းတွင်လည်းကောင်း အသီးသီး သွားရောက် ကစားကြမည်ဖြစ်သည်။
၂၀၁၈ တွင် စတင်ပြောင်းလဲလိုက်သည့် ထိုင်းလိဂ်ပြိုင်ပွဲ၏ အာဆီယံကစားသမား ခေါ်ယူရေး မူဝါဒသစ်အရ မြန်မာကစားသမားများ အနေဖြင့် အိမ်နီးချင်း ထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက် ကစားနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိလာနေခြင်းဖြစ်သည်။