Thursday, December 28, 2017

စစ်ကိုင်းယူနိုက်တက် အသင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများထံ အပ်နှံ

လာမည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူများထံသို့ အပ်နှံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံး ဝါသနာရှင်များ၊ စစ်ကိုင်းယူနိူက်တက် အသင်း ဥက္ကဌ ဦးချစ်မျိုးထိုက်(မင်းသာဖိုးချစ်) နှင့် အသင်း တာဝန်ရှိ သူများ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းယူနိက်တက်အသင်းဥက္ကဌ ဦးချစ်မျိုးထိုက် (ကိုဖိုးချစ်)က အသင်းသမိုင်းအကြောင်း အကျဉ်းနှင့်တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သော အသင်းတစ်သင်းအဖြစ်ရေရှည်ရပ်တည်နိူင်အောင်အစွမ်းကုန်ကြိုးစားသွားမည့်အခြေအနေနှင့် အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းကိုယ်စားပြုပရိသတ်များက တတ်နိူင်သမျှအားပေးနိုင်ရန် အပ်နှံမေတ္တာရပ်ပြောကြားခဲ့သည်။
ထို့နောက်မြန်မာနိူင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌကိုယ်စား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အဖွင့်အမှာစကားပြောကြားရာတွင်
မြန်မာ့ဘောလုံးလောက၏အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်း တစ်သင်းပြန်လည်ပေါ်ပေါက်လာခဲ့ခြင်း အပေါ် အလွန်ပဲဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပြီး ဘောလုံး အားကစားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်စေရန် လိုအပ်သည်များကို အစွမ်းကုန် ပံ့ပိုးပေးမည်ဟု ဆိုခဲ့သည်။
"ကျွန်တော်က ငယ်ငယ်ထဲက ဘောလုံးကိုအရူအမူး စွဲလမ်းစွာနဲ့ ကစားခဲ့တာဗျ။ ဘောလုံးသမား ဘဝကို အရမ်းခုံမင်ခဲ့ပေမယ့် အခြေအနေအရ ဆရာဝန် တစ်ယောက်လည်းဖြစ်ချင်ခဲ့လို့ ဆေးကျောင်း တက်ဖို့ရွေးခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော့်လက်ထက်မှာ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီးကို ဘောလုံးအားကစားနဲ့ ပိုဂုဏ်ဆောင်နိုင်ဖို့နဲ့ နိူင်ငံအတွက် အားထားရတဲ့ ဘောလုံးသမားကောင်း များစွာ ထွက်ပေါ်လာအောင် အစွမ်းကုန် ပံ့ပိုးပေးမှာပါ။ အခု စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို ကျွန်တော်တို့စစ်ကိုင်းတိုင်း ကန့်ဘလူသား ကိုဖိုးချစ်က ဘောလုံးကိုအရမ်းချစ်တဲ့စိတ်နဲ့ သူတတ်နိူင်တဲ့ငွေကြေးနဲ့ ပရော်ဖက်ရှင်နယ်အသင်းကြီးတစ်သင်းဖြစ်အောင် ကြိုးစားဖွဲ့စည်းတည်ထောင်ပေးခဲ့တာကိုလည်း ချီးကျူးကျေးဇူးတင်မိပါတယ်၊ ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ မြို့ခံလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနဲ့ စစ်ကိုင်းဒေသကြီးပြည်သူများကလည်း ဒီအသင်းကိုအောင်မြင်မှုရအောင်တတ်နိူင်သမျှပံ့ပိုးကူညီပေးသွားမှာပါ၊ စစ်ကိုင်းယူနိုက်တက်အသင်းကိုလည်း ဘောလုံး ဥပဒေသတွေကို စနစ်တကျ လိုက်နာပြီး ဇွဲစိတ်ဓါတ်ရှိရှိနဲ့ ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုရ
အောင် အစွမ်းကုန် ကြိုးစားဖို့ တိုက်တွန်းထားလိုပါတယ်၊ နိူင်ငံအတွက် အားထားရတဲ့နိုင်ငံ့ ဂုဏ်ဆောင်လက်ရွေးစင်ကစားသမားတွေပိုမိုပေါ်ထွန်းဖို့ အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်" ဟုပြောကြားသွားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ထိုစဉ်က စစ်ကိုင်းတိုင်း ဒေသကြီးကို ကိုယ်စားပြု၍ ဇေယျာရွှေမြေ အသင်းက ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ၂၀၁၆ ဘောလုံးရာသီ အပြီးတွင် အကြောင်းအမျိုးမျိုးကြောင့် အသင်းဖျက်သိမ်းသွားခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ပရော်ဖက်ရှင်နယ်လိဂ်အသင်းတစ်သင်း ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်တွင်မှ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ရမည့် စစ်ကိုင်းယူနိုက်တက် အသင်းကို မဟာယူနိုက်တက် အမည်ဖြင့် ၂၀၁၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဒုတိယအဆင့် ပြိုင်ပွဲဖြစ်သည့် လိဂ်-၂ တွင် စတင်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းယူနိုက်တက် ( ယခင်မဟာယူနိုက်တက်) အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီတွင်မူ အဆင့် ၂ ရယူကာ မြန်မာနေရှင်နယ်လိဂ်သို့ ပထမဆုံးအကြိမ် တန်းတက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းယူနိုက်တက် အသင်းသည် လာမည့် ဘောလုံးရာသီတွင် အိမ်ကွင်းအဖြစ် ယခင်ဇေယျာရွှေမြေ အသင်း အသုံးပြုခဲ့သည့် မုံရွာကွင်းကိုပင် အိမ်ကွင်းအဖြစ် ဆက်လက် အသုံးပြုမည် ဖြစ်ကာ အဖွင့်ပွဲအဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီ ၉ ရက်(သို့) ၁၁ ရက်နေ့တွင် ရခိုင်ယူနိုက်တက်နှင့် မုံရွာကွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ယင်းပွဲစဉ်မတိုင်ခင် အသင်းအိမ်ကွင်းဖွင့်လှစ်ပွဲနှင့် ပရိသတ်ထံမိတ်ဆက်အပ်နှံပွဲအခမ်းအနားကို ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။