Sunday, December 31, 2017

တိုက်စစ်နှင့် ခံစစ်အားဖြည့်မှုအဖြစ် ရှမ်းယူနိုက်တက်အသင်း ပြည်ပကစားသမား နှစ်ဦးထပ်မံခေါ်ယူ~ သတ်မှတ်ထားသည့် ပြည်ပကစားသမားလေးဦးစလုံး ခေါ်ယူနိုင်ခဲ့ပြီဖြစ်~

လာမည့်နှစ် ပြည်တွင်း၊ပြည်ပပြိုင်ပွဲများအတွက် ပြင်ဆင်မှုများပြုလုပ်နေသာ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားကစားသမား နှစ်ဦးထပ်မံခေါ်ယူခဲ့ကြောင်း ကလပ်အသင်း၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ကင်မရွန်းနောက်ခံလူ ဝီလျံနှင့် ဂါနာတိုက်စစ်မှူး ပတ်ထရစ်တို့အား တစ်ရာသီ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အတွေ့အကြုံရှိထားသူများဖြစ်ပြီး ပြီးခဲ့သည့်ရာသီက မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဟောင်း ရတနာပုံအသင်းတွင် ကစားခဲ့သူများဖြစ်သည်။
အသင်းသို့ ရောက်ရှိလာခဲ့သည့် အဆိုပါ ကစားသမားများနှင့် ပတ်သက်၍ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက
" လာမယ့်ဘောလုံးရာသီမှာ ကစားမယ့် ကစားသမားသစ် ၄ ယောက်စလုံး ဆုံတဲ့ ပထမဆုံး လေ့ကျင့်ခန်းပါ။ အသင်းကစားကွက်နဲ့ အံဝင်ဖို့ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ ပါဝင်လာတဲ့ ကစားသမားတွေပေါ် မူတည်ပြီး ကစားကွက် အပြောင်းအလဲရှိပါလိမ့်မယ်။အဓိက ကတော့ ကျနော့် ကစားသမားတွေ သက်သောင့်သက်သာရှိပြီး၊ နိုင်ပွဲရဖို့ အရေးကြီးပါတယ် " ဟု ဆိုသည်။
၂၀၁၈ ခုနှစ်အတွင်း MPT Myanmar National League ပြိုင်ပွဲ၊ General Aung San Shield ပြိုင်ပွဲနှင့် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ (သို့) AFC Cup ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရာသီကတည်းက လက်တွဲခဲ့သည့် တိုက်စစ်မှူး ခရစ္စတိုဖာနှင့် တောင်ကိုရီးယား ကွင်းလယ်လူ လီဟန်ကွတ်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခေါ်ယူထားခဲ့သည့် ကင်မရွန်းတိုက်စစ်မှုး အာချာလီယိုနတ်အာချာမှာမူ International Transfer Certificate (ITC) ကိစ္စ၌ အဆင်မပြေမှုများ ရှိနေသောကြောင့် စာချုပ် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။