ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းတွင် ကစားခဲ့သော နောက်ခံလူ မွန်ကာလူးကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
အိုင်ဗရီကို့စ် နောက်ခံလူ မွန်ကာလူးသည် ပြီးခဲ့သည့် MNL MAX CEMENT 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့်အတွက် ရန်ကုန်အသင်းမှ ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လာမည့်ဘောလုံးရာသီအတွက် ပြည်ပ ကစားသမားခေါ်ယူမှုနှင့်ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက '' JFL နဲ့ ခြေစမ်းပွဲ ပထမပိုင်းမှာ ကစားခဲ့တဲ့ ဒေးဗစ်ကို ကြိုက်တယ်။ သူ့ကို ခေါ်ဖို့ အစီစဉ်ရှိတယ်။ မွန်ကာလူးကိုလဲ ပြန်ခေါ်မယ်။ နောက်ထပ်တိုက်စစ်မှူး
တစ်ယောက်ခေါ်မယ်။ အာဖရိကန်ပဲ ဖြစ်ဖို့များတယ်။ ပြီးရင် အာရှ တစ်ယောက်ခေါ်မယ်။ စုစုပေါင်း လေးယောက်ခေါ်ဖို့ ရှိပါတယ်" ဟု ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ မွန်ကာလူးသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်း၏ အမာခံပွဲထွက်ကစားသမားတစ်ဦးဖြစ်ခဲ့သည့်အပြင် အသင်းအတွက် စုစုပေါင်းသွင်းဂိုး သုံးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် ရာသီသစ်အတွက် ပြည်ပကစားသမားများ ခေါ်ယူစမ်းသပ်နေသော်လည်း လာရောက်ခြေစွမ်းစမ်းသပ်ခံနေသည့် ကစားသမားအများစု၏ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း နည်းပြ ဦးမျိုးမင်းထွန်းက ဖြည့်စွက်ပြောခဲ့သည်။ လက်ရှိတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားထားပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံးထားသည်။ ထို့ပြင် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဒီဇင်ဘာ ၁၇ ရက်တွင် ငွေဆောင်ကမ်းခြေသို့သွားရောက်လေ့ကျင့်ရန် အစီစဉ်ရှိသည်။