Saturday, December 16, 2017

တိုက်စစ်မှူး ကျော်ကိုကို ထိုင်းကလပ် ချင်းရွိုင်ယူနိုက်တက်အသင်းသို့သွားရောက်ကစားရန် အကြိုသဘောတူညီမှု ရရှိ

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ် ၁ ကလပ် ချင်းရွိုင်ယူနိုက်တက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက် ကစားရန် အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
" ကျော်ကိုကို ချင်းရွိုင်ယူနိုက်ကို သွားရောက်ကစားဖို့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပါပြီ။ တစ်လ လစာ ဒေါ်လာ ၇၀၀၀ ရရှိမှာ ဖြစ်ပါတယ် " ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်းက ပြောသည်။ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို၏ အပြောင်းအရွှေ့ ကိစ္စနှင့်ပတ်သက်ပြီး အပြီးသတ် စာချုပ်ခေါ်ယူနိုင်ရန် လာမည့် တစ်ပတ်အတွင်း ထိုင်းကလပ်အသင်း တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်၍ နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။
ချင်းရွိုင်အသင်းအနေဖြင့် ထိုင်းအေးဂျင့်မှတစ်ဆင့် ရန်ကုန်အသင်းကို ဆက်သွယ်လာခဲ့ခြင်းဖြစ်ပြီး ကစားသမား၏ အနာဂတ်နှင့် အသင်းဥက္ကဋ္ဌ၏ နိုင်ငံတကာ အတွေ့အကြုံ ရရှိစေလိုသည့် ရည်ရွယ်ချက်တို့ကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းရွိုင်ယူနိုက်တက်အသင်းသည် ထိုင်းလိဂ်-၁ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂ဝဝ၉ခုနှစ်က အမှတ်ပေးပြိုင်ပွဲတွင်ဒုတိယ၊၂ဝ၁၇ထိုင်း FAဖလားချန်ပီယံနှင့် ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဒုတိယဆုရရှိထားသည်။
ထိုင်းလိဂ်-၁ (ယခင်ထိုင်းပရီးမီယားလိဂ်) ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၈ သင်းဖြင့် လာမည့် ၂၀၁၈ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။
ကျော်ကိုကို အပြင် ရတနာပုံအသင်းနှင့် လက်ရွေးစင် တိုက်စစ်မှူး အောင်သူမှာလည်း လာမည့်နှစ်တွင် ထိုင်းလိဂ် ၁ ကလပ် Police Tero FC အသင်းသို့တစ်ရာသီ အငှားဖြင့် သွားရောက် ကစားမည်ဖြစ်သည်။