Saturday, December 16, 2017

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကျော်ကိုကို အား မြင့်မားသောလုပ်ခလစာတစ်ရပ်ဖြင့် ခေါ်ယူရန် ထိုင်းကလပ်ကြိုးပမ်း

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကို ကို ထိုင်းလိဂ် ၁ ကလပ် ချင်းရွိုင်ယူနိုက်တက်အသင်းက တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၇၀၀၀ ဖြင့် တစ်ရာသီအငှား ခေါ်ယူရန်ကမ်းလှမ်း ထားကြောင်း သတင်းများအရ သိရသည်။
ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် အသင်းမန်နေဂျာ ဦးမြင့်သိန်းက
"လက်ရှိတော့ အသင်းနှစ်သင်းနဲ့ကစားသမားနဲ့ညှိုနှိုင်းမှုပြုလုပ်နေတယ်။ ကျော်ကိုကိုကလည်း ပြည်ပထွက် ကစားချင်တဲ့ဆန္ဒရှိနေတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆွေးနွေးမှုပြီးမြောက်မှာပါ" ဟု 7Day Daily သို့အတည်ပြုပြောဆိုသည်။
ချင်းရွိုင်ယူနိုက်တက်အသင်းသည် ထိုင်းလိဂ်-၁ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဖြစ်ဖူးခြင်းမရှိသော်လည်း ၂ဝဝ၉ခုနှစ်က အမှတ်ပေးပြိုင်ပွဲတွင်ဒုတိယ၊၂ဝ၁၇ထိုင်း FAဖလားပြိုင်ပွဲတွင် ဒုတိယနှင့် ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ထိုင်းလိဂ်-၁ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၈ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၈ သင်းယှဉ်ပြိုင်မည် ဖြစ်သည်။ လက်ရွေးစင် ကစားဖော်တစ်ဦးဖြစ်သူ အောင်သူမှာလည်း လာမည့်နှစ်တွင် ထိုင်းလိဂ် ၁ ကလပ် Police Tero FC အသင်းသို့တစ်ရာသီ အငှားဖြင့် သွားရောက် ကစားမည်ဖြစ်ရာ ကျော်ကိုကို၏ အပြောင်းအရွှေ့ကိုလည်း စောင့်ကြည့်သွားရမည်ဖြစ်သည်။