Saturday, December 2, 2017

ရှမ်းယူနိုက်တက်အသင်း တောင်ကြီးတွင် လူငယ်ရွေးချယ်ပွဲလုပ်မည်

ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် ပြည်နယ်အတွင်းရှိ လူငယ်သွေးသစ်ကစားသမား ခြေစွမ်းပြခွင့်ရရေးကို ရည်ရွယ်ကာ သွေးသစ်လူငယ်ရွေးချယ်ပွဲတစ်ခုကို တောင်ကြီးမြို့ ပြည်နယ်ဘောလုံးကွင်းတွင် လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ ၇ ရက်နေ့နှင့် ၈ ရက်နေ့ နံနက် ၈ နာရီမှ စတင်ရွေးချယ်မည်ဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်နောက်ပိုင်းမွေးဖွားသူ များလာရောက်အရွေးခံခွင့်ရမည် ဖြစ်သည်။
ရွေးချယ်မှုခံယူသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မူရင်းကို မဖြစ်မနေယူဆောင်လာရ မည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသူများမှာမူ အိမ်ထောင်စုစာရင်း၊ ကျောင်းသားကတ် နှင့် အခြားသော သက်သေခံကတ်ပြား (အားလုံးမူရင်း) တို့ကို ယူဆောင်လာရမည် ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် အသက် ၂၁ နှစ်အောက်နှင့် အသက် ၁၉ နှစ်အောက် လူငယ်အသင်းများအတွက် ခြေစွမ်းမြင့်ကစားသမားများ ရှာဖွေလျက်ရှိပြီး၊ ခြေစွမ်းစမ်းသပ်မှု ခံယူရာတွင် လိုအပ်မည့် အသုံးအဆောင်တို့ကို တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။
၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနှင့် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သော
နိုဝင်ဘာလ ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ လူငယ်ရွေးချယ်ပွဲတစ်ရပ်ကို ပြုလုပ်ထားပြီး ဖြစ်သည်။