Thursday, December 14, 2017

နောက်ဆုံးပိတ်ခြေစမ်းပွဲတွင် အနိုင်ဖြင့် ပိတ်သိမ်းနိုင်ခဲ့သည့် JFL Selection အသင်း

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂျပန်ကလပ် JFL Selection အသင်းတို့သည် ဒီဇင်ဘာ ၁၄ ရက်(ယနေ့) ညနေ ၃းဝဝ နာရီက ၊ YUSC ကွင်းတွင် ခြေစမ်းကစားခဲ့ရာ JFL Selection အသင်းက ရန်ကုန်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ခြေစမ်းပွဲ ပထမပိုင်းတွင် ဂျပန်ကလပ် JFL Selection အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးကို ရန်ကုန်ယူနိုက်တက်အသင်းက စတင်ရခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၀ မိနစ်တွင် ဆောင်လမန်က သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း ဦးဆောင်ဂိုးရပြီး နောက် ရှစ်မိနစ်အကြာတွင် JFL Selection အသင်းက ချေပဂိုးရခဲ့သည်။ ထောင့်ကန်ဘောမှ ကန်တင်ခဲ့သည့် ဘောလုံးကို ရန်ကုန်အသင်းတိုက်စစ်မှူး သီယာဂို ဖြတ်ထုတ်ရာမှ ကိုယ့်ဂိုး ကိုယ် သွင်းမိသွားခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်အသင်းနှင့် JFL Selection အသင်းတို့ တစ်ဖက်တစ်ဂိုးစီ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း JFL Selection အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ထပ်မံကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် ဒုတိယ ဦးဆောင်ဂိုးရခဲ့သည်။ JFL Selection အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ရှုကိုအိုမာချီက ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၀ မိနစ်တွင် JFL Selection အသင်းမှ တတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး တိုက်
စစ်မှူး တိုမိုကီက ခေါင်းတိုက်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ငြိမ်းချမ်းအောင်မှ ကန်သွင်းယူပေးခဲ့သည်။ ပွဲကစားချိန်ပြီးဆုံးရာတွင် JFL Selection အသင်းက ရန်ကုန်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဂျပန်ကလပ် JFL Selection အသင်းသည် စုစုပေါင်း ခြေစမ်းပွဲ သုံးပွဲကစားခဲ့ပြီး နှစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ခဲ့သည်။ JFL Selection အသင်းသည် ဇွဲကပင်အသင်းကို ၄-၁ ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး မကွေးအက်ဖ်စီအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးခဲ့သည်။ လက်ရှိတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲကစားထားပြီး ရခိုင်ယူနိုက်တက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး JFL Selection အသင်းကို ၂-၃ ဂိုးဖြင့် ရှုံးခဲ့သည်။