Wednesday, December 27, 2017

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် Planning & Finance FC အသင်းသစ် ပါဝင်ယှဉ်ပြိုင်မည်

တစ်ချိန်က အဆင့်မြင့်တန်းပြိုင်ပွဲများတွင် ချန်ပီယံအကြိမ်ကြိမ် ရရှိအောင်မြင်ခဲ့ဖူးသော ဘဏ္ဍာအခွန်အက်ဖ်စီအသင်းသည် လာမည့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက Planning & Finance FC အသင်းအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပရန်လျာထားပြီး လက်ရှိတွင် ယခင်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် ဒဂုံအက်ဖ်စီ၊ မောရဝတီ၊ စီးတီးစတား၊ ငွေကြယ်ပွင့်လေးများ၊ ယူနီဗာစတီ၊ ဖုန်ဂန်အသင်းများအပြင် အသင်းသစ်ဖြစ်သည် Planning & Finance FC အပါအဝင် စုစုပေါင်း ပြိုင်ပွဲဝင် ၇ သင်းရှိနေပြီဖြစ်သည်။
မြန်မာ့ဘောလုံးလောကတွင် သမိုင်းအစဉ်အလာရှိခဲ့သော ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ကိုယ်စားပြု Finance & Revenue FC ယခု Planning & Finance FC အသင်းသည် မြန်မာနေရှင်နယ်လိဂ် ၂ တွင်
ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တရားဝင်တင်ပြစာဖြင့် ပေးပို့တင်ပြခဲ့ရာ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အတည်ပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးဌာန အနေဖြင့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ကျင်းပမည့်ရက်နှင့် ပြိုင်ပွဲ ပွဲစဉ်ဇယားတို့အား အသေးစိတ် ဆက်လက်ထုတ်ပြန်ပေးသွားမည်
ဖြစ်ပါသည်။