Saturday, December 2, 2017

Police Tero အသင်း နှင့် အောင်သူ ကြံ့ခိုင်မှု စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ (၁)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း နှင့် စာချုပ် ချုပ်ဆိုခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ဒီဇင်ဘာ (၁)ရက်တွင် ကြံ့ခိုင်မှု စစ်ဆေးရာ အောင်မြင်ခဲ့ကြောင်း သိရသည်။ Police Tero အသင်းသည် အောင်သူ နှင့် ပတ်သက်သည့် အပြောင်းအရွှေ့သတင်းအား Facebook တွင် စတင်ဖော်ပြခဲ့ပြီး ကြံ့ခိုင်မှုစစ်ဆေးခြင်း အောင်မြင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အောင်သူ သည် ထိုင်းနိုင်ငံသို့ (၃)ရက်ကြာ သွားရောက်ခဲ့ပြီး နိုဝင်ဘာ (၂၉)ရက် တွင် ကျန်းမာရေး စစ်ဆေးခဲ့သည်။ အောင်သူသည် နိုဝင်ဘာ (၃၀)ရက်တွင် Police Tero အသင်း နှင့် စာချုပ် ချုပ်ဆိုခဲ့ပြီး ဒီဇင်ဘာ (၁)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။ အောင်သူသည် Police Tero အသင်းသို့ တစ်နှစ်အဌား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားမည် ဖြစ်ပြီး လစာအဖြစ် တစ်လလျှင် ဒေါ်လာ(၇၀၀၀) ကားတစ်စီး , နေထိုင်စရိတ် ဘတ်(၃၀၀၀၀) နှင့် အခြားခံစားခွင့်များ ရရှိမည် ဖြစ်သည်။ အောင်သူသည် ထိုင်းလိဂ်-၁ သို့ ပြောင်းရွှေ့ကစားမည် ဖြစ်သောကြောင့် အခြားကစားသမားများအတွက် အခွင့်အရေး ဖြစ်ပေါ်လာပြီး ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT)၏ စည်းမျဉ်းကြောင့် လည်း ထိုင်းကလပ်အသင်းအချို့သည် မြန်မာကစားသမားများအား ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိသည်။ ထိုင်းထိပ်သီးကလပ် ရစ်ချတ်ဘူရီအသင်းသည် မြန်မာတောင်ပံ ကစားသမား မောင်မောင်လွင်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရ သည်။ ထို့ပြင် ထိုင်းကလပ်အသင်းအချို့သည် မြန်မာ့လက်ရွေးစင် နောက်ခံလူ သီဟထက်အောင် အပါအဝင် လူငယ်ကစားသမား အချို့အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ၂၀၁၈ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ဖေဖော်ဝါရီတွင် စတင်ကျင်းပမည် ဖြစ်သည်။ အောင်သူသည် လာမည့် ဒီဇင်ဘာလ (၁၅)ရက်နေ့စတင်၍ Police Tero အသင်း နှင့် အတူ ပူးပေါင်းကာ လေ့ကျင့်ရေးများ ကို စတင်ပြုလုပ်သွားမည် ဖြစ်သည်။