Sunday, January 7, 2018

လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ရတနာပုံအသင်းခန့်အပ်

MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းသည် အသင်း၏ ကစားသမားဟောင်း ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် ၂၀၁၇ ဘောလုံးရာသီအပြီးတွင် ရတနာပုံအသင်းမှ အနားယူခဲ့သူဖြစ်ပြီး နည်းပြလောကသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူဖြစ်သည်။
ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က “ရန်ပိုင်က ရတနာပုံအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တယ်။ သူကလည်း နည်းပြအဖွဲ့ထဲမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ နည်းပြ အဆင့်သတ်မှတ်ချက်အရ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခွင့် မရှိသေးဘူး။ ဒါကြောင့် နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ရန်ပိုင်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာ အတွင်းက အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် စီ လိုင်စင် နည်းပြ သင်တန်းကို တက်ရောက်ထားသည်။ ရန်ပိုင်သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်သည့် ၂၀၀၉ ခုနှစ် ကတည်းက ရတနာပုံအသင်းတွင် ကစားခဲ့ပြီး အသင်းနှင့် အတူ အမှတ်ပေးဆုဖလား ၄ ကြိမ်၊ ရှုံးထွက်ဖလား ၂ ကြိမ် နှင့် AFC President’s Cup တစ်ကြိမ် ရယူနိုင်ခဲ့ကြောင်း သိရသည်။