Sunday, January 7, 2018

MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလားအား ရန်ကုန်ယူနိုက်တက်အသင်း ဆွတ်ခူး

ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလား ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ၆-၄ ဂိုးဖြင့် အနိုင်ယူပြီး MFF Charity Cup 2018 ကို ရယူနိုင်ခဲ့သည်။
ရာသီကြို ကွင်းဖွင့်ဖလားပွဲစဉ်ဖြစ်သည်နှင့် အညီ နှစ်သင်းစလုံးက ရာသီသစ်အတွက် ခေါ်ယူထားသည့် ကစားသမားများ အစုံအလင်ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက တိုက်စစ်မှူး ပက်ထရစ်၏ သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်းအတွက် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး ဆိုင်လာက ချေပဂိုးနှင့် ဦးဆောင်ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး ရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့် ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် သုံးမိနစ်အကြာတွင် ရှမ်းအသင်းချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးအား အဖွင့်ဂိုးရှင် ပက်ထရစ်ကပင် ရယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် တစ်ဖက်နှင့် တစ်ဖက်ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဆက်လက် ကန်သွင်းယူခဲ့ရသည်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ရန်ကုန်အသင်းမှ ကွင်းလယ်လူ ယာမာဆာကီမှ လွဲ၍ မွန်ကာလူး၊ အီမန်နျူရယ်၊ ဆိုင်လာ၊ ငြိမ်းချမ်းအောင်တို့၏ ကန်သွင်းမှု ဂိုးဝင်ခဲ့သည်။ သို့သော် ရှမ်းအသင်းမှ စိုးမင်းဦး၊ ပက်ထရစ်တို့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သော်လည်း ထိုက်ထိုက်အောင်၊ လီဟန်ကွတ်တို့ ပင်နယ်တီ လွဲချော်ခဲ့သဖြင့် ၆-၄ ဂိုးဖြင့် ရန်ကုန်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်အသင်းမှာ ရာသီကြို ကွင်းဖွင့်ဖလားကို တတိယအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။