Monday, January 29, 2018

အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

၂၈ ရက်နေ့  ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းကို ၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့်လေးနေရာမှ အဆင့် ၃ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။
အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ယှဉ်ပြိုင်ခဲ့သည့် ထိုပွဲစဉ်တွင် ရှမ်းအသင်းအတွက် တိုက်စစ်မှူး ဒွေးကိုကိုချစ်က ပွဲအစ ၇ မိနစ်နှင့် တောင်ပံကစားသမား ရန်နိုင်ဦးတို့က ဒုတိယပိုင်း ၅၈ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။  ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် ကွင်းလယ်လူ မက်ဆာကီက ရယူပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းမှာ ပွဲစဉ်(၄) တွင် ရတနာပုံအက်ဖ်စီအသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာ မကွေးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

FT: Shan United 2-1 Hantharwady United

League Table Game Week3

သုံးပွဲစီ ကစားပြီးကြချိန်မှာတော့ အမှတ်ပေးဇယားကို ရတနာပုံက ရန်ကုန်ယူနိုက်တက်အသင်းအား ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက တတိယနေရာကနေ ဖိအား ပေးနေပါတယ်။ GFA FC ၊ မကွေးအက်ဖ်စီနဲ့ ဇွဲကပင်ယူနိုက်တက် အသင်းတို့က ရမှတ်လေးမှတ်စီနဲ့ အဆင့် ၄၊ ၅ ၊ ၆ မှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဧရာဝတီအသင်းက လက်ရှိချိန် ထိ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန် အထက် အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရပါသေးတယ်။
လာမယ့် တစ်ပတ်မှာလဲ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံ အက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက် တက်တို့ လို ပွဲကောင်းတွေ ရှိနေလို့ ဆက်လက်အားပေးကြ ဖို့ ဘောလုံးဝါသနာရှင် ပရိသတ်များကို ဖိတ်ခေါ်လိုက်ပါ တယ်..။


Top Goals Game Week 3

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) အပြီးမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်ကပဲ ဂိုးသွင်းအများဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ဒါပေမယ့် စည်သူအောင်အနေနဲ့ ပြီးခဲ့တဲ့ GFA FC နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဂိုးသွင်းအများဆုံး ဒုတိယ၊ တတိယ၊ စတုထ္ထနေရာတွေမှာတော့ ရှမ်းယူ နိုက်တက်အသင်းတိုက်စစ်မှူး ခရစ္စတိုဖာ၊ ဧရာဝတီအသင်းတိုက်စစ်မှူး ပက်ထရစ်၊ ရတနာပုံအသင်းလူငယ်ကစားသမား မြတ်ကောင်းခန့်တို့က သွင်းဂိုး သုံးဂိုးစီနဲ့ အသီးသီးရပ်တည်နေပါတယ်။


မကွေးဘောလုံးအသင်း ပရိသတ်များသို့ ပန်ကြားလွှာ

ဦးစွာပထမအနေဖြင့် ၂၀၀၉ ခုနှစ်မှစတင်၍ ယနေ့အထိ အစဉ်တစိုက် အားပေးလာခဲ့ကြသော မကွေးဘောလုံးအသင်း၏ ပရိသတ်များကို မကွေးဘောလုံးအသင်း၏ အုပ်ချုပ်/နည်းပြ/ကစားသမားများမှ အထူးကျေးဇူးတင်ရှိပါသည်။
မကွေးဘောလုံးအသင်းအနေဖြင့် မကွေးတိုင်းတွင် အခြေစိုက်၍ မြန်မာ့ဘောလုံးလောကတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင် အခြေစိုက်၍
ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်နေခဲ့ရပါသည်။
မကွေးဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြ/ကစားသမားများအားလုံးကလည်း မကွေးတိုင်းတွင် ကိုယ်ပိုင်အိမ်ကွင်းဖြင့် ပြိုင်ပွဲများကို လက်ခံကျင်းပပေးရန် ဆန္ဒများရှိနေကြပါသည်။ မကွေးအသင်းအနေဖြင့် မကွေးတိုင်းတွင် အခြေစိုက်ပြီး ဘောလုံးပြိုင်ပွဲများ ကျင်းပခြင်း၊ ဘောလုံးသင်တန်းများဖွင့်လှစ်ခြင်း၊ မကွေးဘောလုံးအသင်းအတွက် လူရွေးခြယ်ခြင်းများကိုလည်း ပြုလုပ်ပေးနိုင်ရန် ဆန္ဒများရှိနေပါသည်။ သို့ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ အိမ်ကွင်းလက်ခံကျင်းပပေးနိုင်ရန် အစီအစဉ်မဖြစ်မြောက်သေးသဖြင့် မကွေးအသင်း ပရိသတ်များအား လွန်စွာမှ ဝမ်းနည်း အားနာမှုများ ဖြစ်နေရပါသည်။
သို့ဖြစ်ပါ၍ မကွေးတိုင်းအတွင်း အိမ်ကွင်းလက်ခံယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အပေါ် နားလည်ခွင့်လွှတ်ပေးကြပါရန်နှင့် မကွေးအသင်းအား အားပေးမှုတွင် အဆင်မပြေမှုများရှိနေရသည့်အတွက်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
မကွေးဘောလုံးအသင်းမှလည်း ကျင်းပလျက်ရှိသော မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ တွင် အကောင်းဆုံးလေ့ကျင့်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ကတိပြုပြီး ဘောလုံးချစ်ပရိသတ်များကလည်း မကွေးဘောလုံးအသင်းအပေါ်တွင် ဆက်လက်ချစ်ခင်အားပေးကြပါရန် ပန်ကြားအပ်ပါသည်။

Tuesday, January 23, 2018

MPT Myanmar National League 2018 ပြိုင်ပွဲတွင် လအလိုက် အကောင်းဆုံးဆုများ ပေးအပ်သွားမည်

ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးတွင် တစ်လချင်းအလိုက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။ အဆိုပါ လအလိုက် အကောင်းဆုံး ဆုများကို ၂၀၁၆ ခုနှစ်အထိ လစဉ် ပေးအပ်ခြင်း ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပေးအပ်နိုင်ခဲ့ခြင်း မရှိပေ။
လအလိုက် အကောင်းဆုံးဆုများကို ရွေးချယ်ရန်အတွက် ရမှတ်များကို တစ်ပွဲခြင်းစီအလိုက် ကောက်ခံသွားမည် ဖြစ်ပြီး ပွဲစဉ်တိုင်းတွင် ယင်းပွဲကို တာဝန်ယူသည့် ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်၊ နှစ်ဘက် နည်းပြများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ တို့မှ ပေးသည့် ရမှတ်များအပေါ် မူတည်ကာ မြန်မာနေရှင်နယ်လိဂ်မှ ဆုံးဖြတ် တွက်ချက်သွားမည် ဖြစ်သည်။
လအလိုက် အကောင်းဆုများ ပေးအပ်ရာတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသာမက လိဂ်-၂ ပြိုင်ပွဲတွင်ပါ ပေးအပ်သွားမည် ဖြစ်ကာ ဆုကြေးငွေနှင့် ဆုတံဆိပ်ကို ပေးအပ်ရန် စီစဉ်ထားသည်။

Top Goals

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၂) အပြီးမှာတော့ ဂိုးသွင်းဘုရင် စာရင်းကို ရတနာပုံ အသင်းရဲ့ တောင်ပံကစားသမား စည်သူအောင်ကပဲ ဦးဆောင်ထားပါတယ်။ အဖွင့်ပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသွင်းဘုရင် စာရင်းကို ဦးဆောင်နိုင်ခဲ့တဲ့ စည်သူအောင်ဟာ ဒုတိယမြောက် ပွဲမှာလည်း ပင်နယ်တီ တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် သွင်းဂိုး ၅ ဂိုးနဲ့ ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

MPT Myanmar National League (U-21) 2018 Week1


MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ (Week-1) အပြီး ရပ်တည်မှုအမှတ်ပေးဇယားပဲ ဖြစ်ပါတယ်။
Week-1 မှာ ဆောက်သမ်းမြန်မာ ယူ-၂၁ အသင်း၊GFA FC ယူ-၂၁ အသင်း၊ မကွေးအက်ဖ်စီ ယူ-၂၁ အသင်း၊ ရှမ်းယူနိုက်တက် ယူ-၂၁ အသင်၊ ISPE A ယူ-၂၁ အသင်း၊ ရခိုင်ယူနိုက်တက် ယူ-၂၁ အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ ကြပါတယ်။ ယူ-၂၁ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဧရာဝတီယူနိုက် တက်အသင်းက ပွဲဦးထွက်မှာ GFA FC အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကစားပြီးခဲ့သည့် U-21 (Week-1) ရလဒ်များမှာ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။


MPT Myanmar National League (U-21) 2018 (Week-1)

Ayeyawady 1-2 GFA FC
Magwe 1-0 Zwekapin
Southern 3-1 Sagaing
Shan 3-2 Myawady
ISPE (A) 1-0 MFF Youth
Yangon 1-1 Yadanarbon
Rakhine 2-0 Hantharwady


စီနီယာအသင်းဖော်များနှင့် တွဲဖက်ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့် ဖွင့်ဟ

ယခုနှစ် MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းနှင့် အတူခြေစွမ်းပြ ကစား ကစားလျက်ရှိသည့် လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က စီနီယာအသင်းဖော်များနှင့် ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
 
“ကိုယ့်ထက်အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ကစားခွင့်ရပြီး ခြေစွမ်းပြ ကစားနိုင်လို့ ဂုဏ်ယူပါတယ်။ အသင်းနဲ့ မြန်မြန်ဆန်ဆန် အထိုင်ကျ ကစားနိုင်ပြီလို့ လည်း ထင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် ရတနာပုံအသင်း MPT Myanmar National League 2018 ပြိုင်ပွဲတွင် ပြည်တွင်း ကစားသမား များနှင့်သာ ယှဉ်ပြိုင်နေသည့် အခြေအနေနှင့် ပတ်သက်၍ “မြန်မာကစားသမားအချင်းချင်း ကစားရတာ ဆိုတော့ ပိုပြီး နားလည်မှုရှိတယ်။ တစ်ဦးပြောစကား တစ်ဦးနားလည်တယ်။ အချိတ်အဆက်မိမိ ကစားနိုင်တယ်။ ဒါက အသင်းအတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်” ဟု ဆိုသည်။
မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)မှ ထွက်ပေါ်လာခဲ့သည့် မြတ်ကောင်းခန့် ၁၇ နှစ်သည် ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ၌ ပါဝင်ကစားခွင့် ရခဲ့ပြီး ယခုအခါ အသင်းအတွက် နှစ်ဂိုး သွင်းယူပေးထားနိုင်ပြီဖြစ်သည်။
၎င်းမှာ အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းတွက် အားထားရမည့် ကွင်းလယ်ကြယ်ပွင့် ကစားသမား တစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသည်။

Monday, January 22, 2018

MPT Myanmar National League 2018 ပွဲစဉ် (၁၅)၊ ပွဲစဉ် (၁၃) နှင့် ပွဲစဉ် (၁၁၅) တို့အား ကွင်းပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂၁ ရာစု ပင်လုံ ညီလာခံထောက်ခံပွဲအဖြစ် ငြိမ်းချမ်းရေးသီချင်း ဖျော်ဖြေခြင်း၊ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားခြင်း အစီအစဉ်များအား ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ၂၇-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ အခမ်းအနားနှင့် တိုက်ဆိုင်နေသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် MPT Myanmar National League 2018 ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၅) အဖြစ် ဂျီအက်ဖ်အေ နှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အား သုဝဏ္ဏကွင်းမှ အောင်ဆန်းကွင်းသို့ မူလသတ်မှတ်ထားသည့် နေရက်နှင့် အချိန်အတိုင်း ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့ပြင် စစ်တွေမြို့၊ ဝေသာလီကွင်း၌ ကစားရန် သတ်မှတ်ထားသည့် MPT Myanmar National League 2018 ပွဲစဉ် (၁၃) ရခိုင်ယူနိုက်တက်-ဧရာဝတီယူနိုက်တက်ပွဲစဉ်အား နယ်မြေလုံခြုံရေးအခြေအနေအရ ပြိုင်ပွဲလက်ခံကျင်းပရန် အခက်အခဲများရှိပါသဖြင့် ပုသိမ်မြို့ရှိ ဧရာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်း၌ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။ ဆက်လက်ပြီး ၁၄-၇-၂၀၁၈ ရက်တွင် ပုသိမ်မြို့တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဧရာဝတီယူနိုက်တက်-ရခိုင်ယူနိုက်တက် ပွဲစဉ်အား စစ်တွေမြို့၊ ဝေသာလီကွင်း၌ မူလသတ်မှတ်ထားသည့် ပွဲချိန်အတိုင်း ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Sunday, January 21, 2018

MPT Myanmar National League Week 2

MPT Myanmar National League 2018 ပွဲစဉ် (၂) အပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာအား ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ဆက်လက် ရယူထားနိုင်ဆဲ တွေ့ရမှာဖြစ်ပြီး ဂျီအက်ဖ်အေ အသင်းကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းနဲ့ မြဝတီအသင်းတို့က အမှတ်ပေးဇယား အဆင့် ၁၁ နဲ့ အဆင့် ၁၂ နေရာတွေမှာ ရပ်တည်လျက်ရှိနေပါတယ်။

MPT Myanmar National League Week 2 ရလဒ်များ
မကွေး ၂-၃ ရှမ်း
ရန်ကုန် ၂-၀ ဇွဲကပင်
ရတနာပုံ ၄-၂ ရခိုင်
မြဝတီ ၀-၃ ဂျီအက်ဖ်အေ
ဟံသာဝတီ ၂-၁ စစ်ကိုင်း
ဧရာဝတီ ၂-၂ ဆောက်သမ်းမြန်မာ



စစ်ကိုင်းယူနိုက်တက်ကို အနိုင်ကစားကာ အိမ်ကွင်းနိုင်ပွဲ စတင်ရယူခဲ့ သည့် ဟံသာဝတီ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၁ ရက်(ယနေ့)ညနေက ပဲခူးမြို့၊ Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့၏ ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်သဖြင့် ဂိုးမရှိ သရေကျခဲ့သည်။ သို့သော်ဒုတိယပိုင်းတွင် ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ဆင်မြူရယ်က ပွဲချိန် ၇၂ မိနစ်တွင် သွင်းခဲ့သည်။ ဟံသာဝတီအသင်းအတွက် ပထမချေပဂိုးကို ရန်နိုင်အောင်က ပွဲချိန် ၇၉ မိနစ်တွင် သွင်းပေးခဲ့ပြီး အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ဂျိုးဇက်က သွင်းယူပေးခဲ့သည်။ ဟံသာဝတီအသင်းသည် စစ်ကိုင်းယူနိုက်တက် အသင်းကို အနိုင်ရခဲ့သည့်အတွက် ၂၀၁၈ ဘောလုံးရာသီတွင် ပထမဆုံး နိုင်ပွဲ စတင်ရရှိခဲ့ခြင်းဖြစ်သည်။

အိမ်ကွင်းတွင်သရေတစ်မှတ်ဖြင့်သာကျေနပ်လိုက်ရသည့်ဧရာဝတီ

MPT Myanmar National League 2018 (Week-2) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဧရာဝတီအသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေ၃း၃၀က ပုသိမ်မြို့ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထိုပွဲတွင်ပွဲကစားချိန်၁၇မိနစ်တွင် ဧရာဝတီအသင်းအတွက် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး ကတ်စီယို ကန်သွင်းမှုအပေါ် ဆောက်သမ်းမြန်မာ ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ သို့သော် ၂၇ မိနစ်တွင် အိမ်ရှင်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကတ်စီရီုမှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဧည့်သည်အသင်းက တိုက်စစ်မြှင့် ကစားခဲ့ရာ ၂၉ မိနစ်တွင် ( တိုက်စစ်မှူး) ဝီလီယံမှ ချေပဂိုး ရယူပေးခဲ့သည်။ ၁ မိနစ်အကြာတွင် ဧရာဝတီ နောက်တန်းနှင့် ထိပြီး ဂိုးဝင်ခဲ့သဖြင့် ဆောက်သမ်းအသင်း ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ကာ ပထမပိုင်းအပြီး ဆောက်သမ်းအသင်းက ၂-၁ ဂိုးဖြင့် ပွဲကို ဦးဆောင်ဆောင်နိုင်ခဲ့သည်။
‌ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ရေး တိုက်စစ်မြှင့် ကစားခဲ့ပြီး ၅၁ မိနစ်တွင် အီဒူဘတ် အသင်းအတွက် အဖိုးတန် ချေပဂိုးအား သွင်းယူပေးခဲ့သည်။
ထို့နောက် နှစ်သင်းစလုံး အနိုင်ဂိုးများ သွင်းယူနိုင်ရေး အပြန်အလှန် တိုက်စစ်မြှင့် ကစားခဲ့သော် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်း မရှိသဖြင့် အဆိုပါ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့မှာ MPT Myanmar National League 2018 နှစ်ပွဲ စီ ကစားအပြီး နိုင်ပွဲ မရရှိသေးပေ။


အသည်းအသန်ကစားပြီး နောက်ကျဂိုးများကြောင့် ဇွဲကပင်ကို ရန်ကုန် အနိုင်ရ

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက်တို့ရဲ့ MPT Myanmar National League 2018 ဒုတိယပတ် ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဇွဲကပင် ယူနိုက်တက်ကို အကြိတ်အနယ် ကစားပြီး နောက်ကျ သွင်းဂိုးတွေကြောင့် (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ချန်ပီယံဆု မှန်းနေတဲ့ ရန်ကုန်အနေနဲ့ အမှားအယွင်း များခဲ့ပြီး သိပ်သည်းတဲ့ ဇွဲကပင် ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ အတော့်ကို အခက်တွေ့ခဲ့ရတာပါ။ ဇွဲကပင်ကတော့ တစ်ပွဲလုံး ခံစစ်ကိုသာ အားပြုပြီး သရေတစ်မှတ် ခွဲယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးကာနီး မိနစ်တွေမှာ ဂိုးရဖို့ အသည်းအသန် တိုက်စစ်ဆင်လာတဲ့ ရန်ကုန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အရှုံးရလဒ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်အတွက် အဖိုးတန် အဖွင့်ဂိုးကို တစ်ပွဲလုံး အမှားအယွင်း များနေခဲ့တဲ့ ဆိုင်လာက ပွဲချိန် ၈၇ မိနစ် အရောက်မှာ ဇွဲကပင် ဂိုးဧရိယာထဲ ရှုပ်ထွေးနေတုန်း ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပွဲက ရန်ကုန်အတွက် အနည်းငယ် လွယ်ကူသွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ် အရောက်မှာ ဒုတိယဂိုးကို ကြည်လင်းက သူ့အတွက် ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Saturday, January 20, 2018

မြဝတီကို အနိုင်ကစားကာ နိုင်ပွဲစတင်ရယူခဲ့သည့် GFA FC အသင်း

MPT Myanmar National League 2018 ပွဲစဉ်(၂) ပွဲစဉ်တစ်ပွဲဖြစ်သည့်မြဝတီအသင်းနှင့်ဂျီအက်ဖ်အေအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေပိုင်းတွင်အောင်ဆန်းကွင်း ကျင်းပခဲ့ရာ ဂျီအက်ဖ်အေအသင်းမှ ၃-၀ ဖြင့်ဂိုးပြတ်အနိုင် ရရှိခဲ့သည်။
ထိုပွဲတွင်ဂျီအက်ဖ်အေအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှုး အန်တိုနီ ကပွဲချိန် ၁၉ မိနစ်တွင် သွင်းယူခဲ့ ပြီး စိုးဝင်းထွန်းမှ ၂၂မိနစ်နှင့်၃၅မိနစ် တို့တွင်ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။
‌ဒုတိယပိုင်းတွင် ပြိုင်ဆိုင်မှုပြင်းထန်ကာမြဝတီအသင်းသည် ဂျီအက်ဖ်အေ အသင်းကို ပြန်လည်တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးချေပဂိုးသွင်းယူနိုင်ရန်ကြိုးစားသော်လည်းဂျီအက်ဖ်အေအသင်းမှကာကွယ်နိုင်ခဲ့သဖြင့်မြဝတီအသင်းအရှုံးနှင့်သာရင်ဆိုင်ခဲ့ရသည်။

နှစ်ပွဲဆက် အနိုင်ရလဒ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည့် ရတနာပုံ

ယနေ့ ညနေပိုင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် MPT Myanmar National League 2018 Week 2 ပွဲစဉ်တွင် ရတနာပုံအက်ဖ်စီအသင်းက ဧည့်သည်ရခိုင်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  ရတနာပုံအသင်းမှာ ယခုပွဲ အနိုင်ရလဒ်ကြောင့် ရာသီအစနှစ်ပွဲဆက် အနိုင်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
ဧည့်သည် ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ယနေ့ပွဲစဉ်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် အပြင် နှစ်ကြိမ်ဆက် ဦးဆောင်ဂိုးများ ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်အား ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိသဖြင့် အဝေးကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။
ရခိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်တွင် ဇော်ဇော်နိုင်က သွင်းယူပေးခဲ့ပြီး ရတနာပုံအတွက် ချေပဂိုးကို ၈ မိနစ်အကြာတွင် လူငယ်ကစားသမား မြတ်ကောင်းခန့်က ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရခိုင်အသင်းကပင် ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ၅၈ မိနစ်တွင် ရတနာပုံနောက်တန်း၏ အမှားမှ တစ်ဆင့် တိုက်စစ်မှူး ဆန်းဒေးက အမှားအယွင်းမရှိ ရယူပေးခဲ့သည်။
သို့သော် ရခိုင်အသင်း၏ ဦးဆောင်ဂိုးမှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အိမ်ရှင်အသင်းအတွက် ၅၉ မိနစ်တွင် လှိုင်းဘိုဘိုက ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။ ထို့နောက် ရတနာပုံအသင်းက ဦးဆောင်ဂိုး ရရှိရေး ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပြီး ၆၅ မိနစ်တွင် မျိုးကိုထွန်းနှင့် ၉၀+၁ မိနစ်တွင် စည်သူအောင်က ပင်နယ်တီမှ တစ်ဆင့် အနိုင်ဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းမှာ ယခုပွဲအနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားကို ဂိုးကွာခြားအသာဖြင့် ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး ရခိုင်အသင်းမှာ ရာသီအစ တစ်ပွဲသရေ ၊ တစ်ပွဲရှုံး ရလဒ်ကြုံတွေ့ထားသည်။


 Yadanarbon FC 4-2 Rakhine United(FT)

ရတနာပုံ-ရခိုင် - ၄:ဝဝ၊ မန္တလာသီရိ၊ (MNL FB Live)

ဧရာဝတီအသင်းအပေါ် ဂိုးပြတ်အနိုင်ရလဒ်နဲ့ မန္တလာသားတို့ရဲ့ ရာသီအဖွင့်က လှပခဲ့ပြီးပါပြီ။ ဒါဟာ အသင်းအတွက် ရလဒ်တစ်ခုတည်းသာမက ပြည်တွင်းထုတ်ကုန်တွေနဲ့လည်း စွမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြိုင်ဘက်အသင်းတွေဆီ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဒီညနေမှာတော့ ရတနာပုံအသင်းဟာ ပွဲစဉ်(၂) အဖြစ် ရခိုင်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ ရခိုင်အသင်းဆိုတာ ရတနာပုံနဲ့ တွေ့ဆုံတဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ သွင်းယူပြီး သရေရလဒ်တွေ ရယူထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။
အဖွင့်ပွဲစဉ်မှာ တန်းတက်စစ်ကိုင်းယူနိုက်တက်နဲ့ အကြိတ်အနယ် ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့တာလည်း တွေ့ရပါတယ်။ တိုက်စစ်မှူး ဆန်းဒေးကတော့ ရတနာပုံနောက်ခံလူတွေ သတိကြီးစွာထားပြီး ကစားရမယ့် သူအဖြစ် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် ဂိုးသမား ချမ်းငြိမ်းကျော်က အသိပေးထားပါတယ်။
ဒါကြောင့် ဒီညနေပွဲစဉ်မှာ … နည်းပြသစ် ဦးအောင်ကျော်မိုးရဲ့ ရတနာပုံအသင်းကပဲ မန္တလာမြေရဲ့ အရှင်သခင်အဖြစ် ဆက်လက်အောင်ပွဲခံမလား…။ အစွယ်ချွန်လို့ နယ်ကျွံလာတဲ့ ဧည့်သည် ရခိုင်အသင်းကပဲ အိမ်အပြန် ရမှတ်ပြည့် ယူဆောင်သွားမလားဆိုတာ . . . .

Friday, January 19, 2018

Thursday, January 18, 2018

ပူးတွဲသရေတွေထက် ထူးကဲခြေစွမ်းတွေ ထုတ်ပြမယ့် အသင်းတွေက ဘယ်အသင်းတွေလဲ....MPT Myanmar National League 2018 ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ဇန်နဝါရီ ၁၁ ရက်က စတင်ကျင်းပခဲ့တဲ့ MPT Myanmar National League 2018 ပွဲစဉ်(၁) ကို လက်ဝှေ့စကားနဲ့ ပြောရရင် ရှေ့ထွက်သုံးပွဲ အထနှေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အလူးအလဲနဲ့ ပူးတွဲသရေတွေ များခဲ့ပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်ပွဲတွေအဖြစ် တင်စားရမယ့် လက်ကျန်သုံးပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့တာကြောင့် ပရိသတ်ရင်ထဲ စွဲထင်စေတဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့မှာပါ။
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၂) က ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ပူးတွဲသရေတွေထက် ထူးကဲခြေစွမ်းတွေ ထုတ်ပြမယ့် အသင်းတွေက ဘယ်အသင်းတွေလဲ.....
ဒီတစ်ပတ်ပွဲစဉ်တွေမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ခြေစွမ်းမာကျောတဲ့ မကွေးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တဲ့ ရတနာပုံအသင်းက ခုတစ်ပတ်မှာ ရခိုင်ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး ရန်ကုန်ယူနိုက်တက်ကတော့ ဇွဲကပင် ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။ ဒါ့အပြင် မြဝတီ-ဂျီအက်ဖ်အေ၊ ဟံသာဝတီ-စစ်ကိုင်း၊ ဧရာဝတီ-ဆောက်သမ်း ပွဲစဉ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

၁၉-၁-၂၀၁၈
မကွေး-ရှမ်း - ၄းဝဝ၊ သုဝဏ္ဏ (MRTV Sports & For Sports)
အဖွင့်ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ထားတဲ့ နှစ်သင်းထိပ်တိုက် တွေ့ဆုံနေတာပါ။ ၂၀၁၈ ရာသီမှာ ပြည်ပကစားသမား မသုံးတဲ့ မကွေးအသင်းအနေနဲ့ ရာသီအစမှာ တန်းတက်မြဝတီအသင်းကို သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ အလားတူပဲ ရှမ်းအသင်းကလည်း ဇွဲကပင်အသင်းကို ဂိုးမရှိသရေရလဒ်သာ ကစားနိုင်ခဲ့လို့ လာမယ့်ပွဲက နှစ်သင်းစလုံး နိုင်ပွဲရယူဖို့ ကြိုးပမ်းရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရှမ်းအသင်းကပဲ နှစ်ကျော့စလုံး အနိုင်ရထားပါတယ်။

၂၀-၁-၂၀၈
ရန်ကုန်-ဇွဲကပင် - ၃း၃၀၊ Y.U.S.C (MRTV & For Sports)
ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ ကြိုးပမ်းနေတဲ့ ရန်ကုန်အသင်းအနေနဲ့ ပွဲစဉ်(၁)မှာတော့ အမှားအယွင်း မရှိခဲ့ပါဘူး။ ဇွဲကပင်အသင်းက မြန်မာနေရှင်နယ်လိဂ် အလယ်အလတ် အသင်းတစ်သင်း ဖြစ်ပေမယ့် ပွဲဦးထွက်မှာ လက်ရှိချန်ပီယံအသင်းကို ဂိုးမရှိသရေ ကစားထားတာ ထည့်တွက်ရမှာပါ။ ဒါ့အပြင် နည်းပြသစ် ဦးမင်းထွန်းလင်းရဲ့ နည်းပြဗျူဟာ အခင်းအကျင်းကလည်း ဒီပွဲမှာ စောင့်ကြည့်သွားဖို့ ကောင်းနေပါတယ်။ အိမ်ရှင် ရန်ကုန်အသင်း အသင်းအနေနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးမှာလည်း ဇွဲကပင်အသင်းကို အသာရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းအားနည်းမှုက ဒီပွဲရဲ့ အလှည့်အပြောင်းလည်း ဖြစ်သွားနိုင်ပါတယ်။

၂၀-၁-၂၀၈
ရတနာပုံ-ရခိုင် - ၄းဝဝ၊ မန္တလာသီရိ၊ (MNL FB Live)
ဧရာဝတီအသင်းအပေါ် ဂိုးပြတ်အနိုင်ရလဒ်နဲ့ မန္တလာသားတို့ရဲ့ ရာသီအဖွင့်က လှပခဲ့ပြီးပါပြီ။ ဒါဟအသင်း အတွက် ရလဒ်တစ်ခုတည်းသာမက ပြည်တွင်းထုတ်ကုန်တွေနဲ့လည်း စွမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြိုင်ဘက်အသင်းတွေဆီ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။  ဒီအသင်းဟာ ပွဲစဉ်(၂)မှာတော့ ရခိုင်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ ရခိုင်အသင်းဆိုတာ ရတနာပုံနဲ့ တွေ့ဆုံတဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဖွင့်ပွဲစဉ်မှာ တန်းတက်စစ်ကိုင်းယူနိုက်တက်နဲ့ အကြိတ်အနယ် ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ ရတနာပုံဂိုးသမား ချမ်းငြိမ်းကျော်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင် သွားရမှာလည်း ဖြစ်ပါတယ်။  ဒါကြောင့် နည်းပြသစ် ဦးအောင်ကျော်မိုးရဲ့ ရတနာပုံအသင်းကပဲ မန္တလာမြေရဲ့ အရှင်သခင်အဖြစ် ဆက်လက်အောင်ပွဲခံမလား…။ အစွယ်ချွန်လို့ နယ်ကျွံလာတဲ့ ဧည့်သည် ရခိုင်အသင်းကပဲ အိမ်အပြန် ရမှတ်ပြည့် ယူဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

၂၀-၁-၂၀၈
မြဝတီ-ဂျီအက်ဖ်အေ - ၄းဝဝ၊ အောင်ဆန်း ( MNL Web TV FB Live)
မကွေးအသင်းနဲ့ အဖွင့်ပွဲစဉ်မှာ ပြသခဲ့တဲ့ မြဝတီအသင်းရဲ့ ခြေစွမ်းက မြန်မာနေရှင်နယ်လိဂ်ကို အလည်လာရုံ သက်သက်မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားကစားသမားတွေ ပါဝင်လာမယ့် ဂျီအက်ဖ်အေ အသင်းရဲ့ တိုက်စစ်ဆင်မှုကို မြဝတီအသင်း နောက်ခံလူတွေ ကြာရှည်ခုခံနိုင်စွမ်း ရှိပါ့မလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

၂၁-၁-၂၀၁၈
ဟံသာဝတီ-စစ်ကိုင်း - ၃း၃၀၊ ပဲခူး (MRTV & For Sports)
၂၀၁၇ ရာသီ ဒုတိယအကျော့မှာ ပဲခူးကွင်းကို အိမ်ကွင်းအဖြစ် ခမ်းခမ်းနားနားဖွင့်လှစ် ယှဉ်ပြိုင်ခဲ့ပေမယ့် ဟံသာဝတီအသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက လက်ရှိအချိန်အထိ ခမ်းခမ်းနားနား မရှိသေးဘူးဆိုတာ ပြီးခဲ့တဲ့ ရန်ကုန်အသင်းနဲ့ပွဲစဉ်က သက်သေပြနေပါတယ်။ ငါးပွဲယှဉ်ပြိုင်အပြီးမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ကြုံတွေ့ထားတာ တွေ့ရပါတယ်။ ဒါကြောင့် အိမ်ကွင်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်းဆိုတာ MPT Myanmar National ပြိုင်ပွဲအတွက် မျက်နှာသစ် အသင်းတစ်သင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျက်နှာသစ်အသင်းတစ်သင်း အဖြစ် မထင်မှတ်ရလောက်အောင် ရာသီအစ ရခိုင်အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် အိမ်ရှင်အသင်းရဲ့ နိုင်ပွဲဆောင်လောင်မှု၊ စစ်ကိုင်းယူနိုက်တက်အသင်းသားတွေရဲ့ တုံ့ပြန်မှုတွေကြောင့် ပဲခူးမြေမှာ ပွဲကောင်းတစ်ပွဲအဖြစ် ရှုစားရဖို့ ရှိနေပါတယ်။

၂၁-၁-၂၀၁၈
ဧရာဝတီ-ဆောက်သမ်းမြန်မာ- ၃း၃၀၊ ပုသိမ်၊ (MNL FB Live)
ရာသီအစမှာ ပြည်တွင်းလူငယ်ကစားသမားအများစု ပါဝင်တဲ့ ရတနာပုံအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရလို့ ဧရာဝတီအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေ ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနောက်တန်းကလည်း ပုံမှန်အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် နည်းပြဦးကျော်လွင်အနေနဲ့ သူ့အသင်းရဲ့ လိုအပ်ချက်တွေကို အချိန်မီဖာထေးပြီး ရာသီသစ်အတွက် အိမ်ကွင်းပထမဆုံးနိုင်ပွဲ ရယူပေးဖို့ ပြင်ဆင်လာမှာပါ။ ဧည့်သည် ဆောက်သမ်းအသင်းအနေနဲ့ ရာသီမစခင်မှာ ပြည်ပနည်းပြခန့်အပ်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပြည်တွင်းနည်းပြနဲ့ပဲ ဖြတ်သန်းတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ခေါ်ယူထားခဲ့တဲ့ ပြည်တွင်းကစားသမားတွေကြောင့် အိမ်ကွင်း၊ အဝေးကွင်းမရွေး ခြေစွမ်းပြနိုင်မယ့် အသင်းအဖြစ်လည်း သတ်မှတ်ခံနေရပါတယ်။ ပွဲဦးထွက်မှာတော့ ဂျီအက်ဖ်အေအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။ မြန်မာ့စပါးကျီမြေကို လာရောက်တဲ့ ခရီးမှာရော… ဘယ်လိုရလဒ်ထွက်ပေါ်မှာလဲ ဆိုတာ စောင့်ကြည့်ရမှာပါ….။

MPT Myanmar National League 2018 week 2

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ပွဲစဉ်တွေကို မနက်ဖြန် ဇန်နဝါရီ ၁၉ ရက်မှာ ပြန်လည် စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ခြေစွမ်းမာကျောတဲ့ မကွေးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တဲ့ ရတနာပုံ အသင်းက ခုတစ်ပတ်မှာ ရခိုင်ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး ရန်ကုန်ယူနိုက်တက်ကတော့ ဇွဲကပင် ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။
ခုတစ်ပတ် ကစားသွားမယ့် ပွဲစဉ် ၆ ပွဲအနက်က မကွေး-ရှမ်း၊ ရန်ကုန်-ဇွဲကပင်နဲ့ ဟံသာဝတီ-စစ်ကိုင်း ပွဲတွေကို For Sports ရုပ်သံလိုင်းနဲ့ MRTV ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသသွားမှာ ဖြစ်ပြီး ကျန်သုံးပွဲကိုတော့ Myanmar National League Facebook Page နဲ့ MNL Web TV Facebook Page တွေကနေ တိုက်ရိုက် ပြသပေးသွားမှာ ဖြစ်ပါတယ်။


Tuesday, January 16, 2018

Week 1 Standing Table

MPT Myanmar National League 2018 ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယားကို ရတနာပုံအက်ဖ်စီ အသင်းက ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်အသင်းကတော့ နိုင်ပွဲ ရရှိခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာရပ်တည်နေတာ တွေ့ရမှာပါ။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အဖွင့်ပွဲစဉ်မှာ သရေရလဒ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Week 1 Results
စစ်ကိုင်း ၀-၀ ရခိုင်
ဇွဲကပင် ၀-၀ ရှမ်း
မြဝတီ ၀-၀ မကွေး
ဟံသာဝတီ ၁-၂ ရန်ကုန်
ဆောက်သမ်းမြန်မာ ၁-၁ ဂျီအက်ဖ်အေ
ရတနာပုံ ၅-၂ ဧရာ၀တီ


Top Goal Scorers List

MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲရဲ့ ပထမပတ် ပွဲစဉ်တွေ အပြီးမှာ အမှတ်ပေးဇယားကို ရတနာပုံ အသင်းက ဦးဆောင်နိုင်ခဲ့သလို ဂိုးသွင်းဘုရင် စာရင်းကိုလည်း ရတနာပုံကစားသမား စည်သူအောင်က ဦးဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ စည်သူအောင်က ဧရာဝတီကို အနိုင်ရတဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် ဒီစာရင်းကို ထိုက်ထိုက်တန်တန် ဦးဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရတနာပုံနဲ့ ဧရာဝတီပွဲမှ ထူးခြားချက်များ

မနေ့က ရတနာပုံနဲ့ ဧရာဝတီပွဲမှာ ထူးခြားချက် တွေရှိပါတယ်။ ထူးခြားချက်က ဘာလဲဆိုတော့...
ပထမတစ်ချက်က မြန်မာ့လက်ရွေးစင် ယူ-၁၉ ကစားသမား တစ်ဦးဖြစ်တဲ့ မြတ်ကောင်းခန့်ဟာ ရတနာပုံအသင်းအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။ မြတ်ကောင်းခန့်အနေနဲ့ စီနီယာအသင်း မှာ ပထမဆုံးပွဲထွက် ကစားလာခဲ့တာဖြစ်သလို ပထမ ဆုံးပွဲဦး ထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ မြတ်ကောင်းခန့်ဟာ အနာဂတ် မြန်မာ့လက်ရွေးစင် အသင်း အတွက် အားထားရမယ့် ကစားသမား တစ်ဦးဖြစ်လာမှာ ဖြစ်သလို မိခင်ရတနာပုံအသင်းအတွက်လဲ အဖိုးတန် အားကိုးရမယ့် ကစားသမားတစ်ဦးဖြစ်လာဦးမှာ ဖြစ်ပါတယ်။
ဒုတိကယတစ်ချက်ကတော့ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင် တစ်ယောက်ထဲကပဲ လေးဂိုး သွင်းယူပေးခဲ့ပြီး MPTMNL2018 ရဲ့ ပထမဆုံး ဟတ်ထရစ်သွင်းနိုင်တဲ့သူဖြစ်လာပါတယ်.....
တတိယတစ်ချက်ကတော့ ရတနာပုံအက်ဖ်စီအသင်းနှင့် လက်ရွေးစင်ကွင်းလယ်ကစားသမား စည်သူအောင်သည် MPT Myanmar National League 2018 ရာသီအဖွင့်ပွဲစဉ်၌ ဧရာဝတီယူနိုက်တက်အသင်းဘက်သို့ တစ်ဦးတည်း လေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လိဂ်ပြိုင်ပွဲ ၁၀ နှစ်အတွင်း ရာသီအဖွင့်ပွဲစဉ်၌ တစ်ဦးတည်း လေးဂိုး သွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်။

Monday, January 15, 2018

ခြေစွမ်းအသာဖြင့် ဧရာဝတီယူနိုက်တက်အသင်းအား ရတနာပုံအသင်း အနိုင်ယူ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၅ ရက်(ယနေ့) ညနေက မန္တလာသီရိကွင်းတွင် ရတနာပုံအသင်းနှင့်ဧရာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ရတနာပုံအသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။  ရတနာပုံအသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဘောလုံးကို လျင်လျင်မြန်မြန်နှင့် တစ်ချက်ထိ ပုံစံမျိုးဖြင့်သာ ကစားခဲ့သည်။ ရတနာပုံအသင်းအတွက် ပထမဦးဆောင်ဂိုးကို စည်သူအောင်က သွင်းယူပေးခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို မြတ်ကောင်းခန့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အသာကစားထားခဲ့သည်။
ဒုတိယပိုင်းပြန်လည် စတင်ရာတွင်လည်း ရတနာပုံအသင်းမှသာ ဦးဆောင်ကစားနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် တတိယဂိုး၊ စတုထ္တဂိုးနှင့် ပဉ္စမဂိုး(ပင်နယ်တီ)များကို စည်သူ အောင်မှပင် ထပ်မံ သွင်းယူပေးခဲ့သည်။ စည်သူအောင်သည် MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲ၏ ပထမဆုံး ဟက်ထရစ်သွင်းယူခဲ့သည့် ကစားသမားဖြစ်လာသည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို Ella Patrick မှ သွင်းယူပေးခဲ့သည်။ဒီနေ့ ရတနာပုံနဲ့ ဧရာဝတီပွဲမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင် တစ်ယောက်ထဲကပဲ လေးဂိုး သွင်းယူပေးခဲ့ပါတယ်။

ဧရာဝတီအသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး စည်သူအောင်က အခုလို ပြောခဲ့ပါတယ်...။

''ကျွန်တော် ကစားဖော်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ ပံ့ပိုးလို့ ဒီလို ဂိုးတွေ ရခဲ့တာပါ။ ဒီနှစ်မှာ ကျွန်တော်တို့က ပြည်ပ ကစားသမားမပါတဲ့အတွက် လေ့ကျင့်ရေးမှာလဲ ပိုပြီး ကြိုးစားရပါတယ်။ ပြည်တွင်း ကစားသမားတွေနဲ့ပဲ ရလဒ်ကောင်းတစ်ခုရဖို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေလဲ နောက်ပွဲတွေ လာအားပေးပါဦး။ အကောင်းဆုံးပြင်ဆင်နေပါတယ် ''

စည်သူအောင် (ရတနာပုံအက်ဖ်စီ)


လက်ရွေးစင်ဟောင်းများ၏ သွင်းဂိုးများဖြင့် တစ်မှတ်စီ ခွဲယူခဲ့ကြသည့် ဆောက်သမ်းနှင့် ဂျီအက်ဖ်အေ

MPT Myanmar National League 2018 (Week-1) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဆောက်သမ်းမြန်မာအသင်းနှင့်ဂျီအက်ဖ်အေအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ဆောက်သမ်းမြန်မာအိမ်ကွင်းဖြစ်သည့် မော်လမြိုင်ကွင်း၌ ကျင်းပခဲ့ရာ တစ်ဖက် ၁ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ထိုပွဲတွင်ဆောက်သမ်းမြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ယခုနှစ်တွင်မှ အသင်းသို့ ရောက်ရှိလာသည့် မြန်မာ့လက်ရွေးစင်ဟောင်း အောင်မိုးမှ ပထမပိုင်း နာကျင်အချိန်ပို ၁ မိနစ်တွင် သွင်းယူခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် ဆောက်သမ်းက ပွဲကိုဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းအစတွင် ဂျီအက်ဖ်အေ အသင်းသည်လူစားလဲမှုများပြုလုပ်ခဲ့ပြီး ပြန်လည်တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ ပွဲချိန်ရ၆ မိနစ်တွင် လူစားဝင်လာသည့် လက်ရွေးစင်ဟောင်း ဇော်လင်းမှချေပဂိုးပြန်လည်သွင်းယူ နိုင်ခဲ့သည်။ လက်ကျန်မိနစ် များတွင် ပွဲအရှိန် ပိုမိုမြင့်တက် လာခဲ့ပြီးနှစ်ဖက်အသင်းသားများ အနေဖြင့် အနိုင်ဂိုးရရှိအောင် အစွမ်းကုန်ကြိုစား ကြသော်လည်း မည်သည့် အသင်းကမှ ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသည့် အတွက် သရေ ရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

အကြိတ်အနယ် ကစားပြီး ဟံသာဝတီကို အဝေးကွင်းတွင် ရန်ကုန် အနိုင်ယူ



MPT Myanmar National League (Week-1) ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော ဟံသာဝတီ ယူနိုက်​တက်​အသင်း နှင့် ရန်​ကုန်​ယူနိုက်​တက်​အသင်းတို့၏ ပွဲစဉ်ကို ယ​နေ့ည​နေက ပဲခူးမြို့ရှိ ဟံသာဝတီ ယူနိုက်တက်၏ အိမ်ကွင်းဖြစ်သည့် Grand Royal ကွင်​းတွင် ယှဉ်​ပြိုင်​ကစားခဲ့ကြရာ ပွဲပြီးဆုံးချိန်တွင် အိမ်ရှင် ဟံသာဝတီအသင်းကို ရန်​ကုန်​အသင်းက (၁ - ၂) ဂိုးရလဒ်​ ဖြင့်အနိုင်​ရရှိ ခဲ့သည်​။
ယ​နေ့ပွဲစဉ်​တွင်​ ဟံသာဝတီအသင်းသည်​ရန်​ကုန်​အသင်းကို အ​ကောင်းဆုံးယှဉ်​ပြိုင်​ ကစားနိုင်​ရန်​အတွက် အဓိကကစားသမားများဖြစ်​​သော ​အောင်​​ဇော်​ ၊ ​ရွှေလှိုင်​ဝင်း ၊မိုက်​ကယ် ၊​ မက်​စ်​စာကီ ၊​အောင်​မျိုးသူရ စသည့်အမာခံ ကစားသမားများပွဲထွက်​လာခဲ့ပြီး၊ ရန်​ကုန်​အသင်းကလည်း ကြည်​လင်း ၊ရန်​​အောင်​​ကျော်​ ၊ ​ဒေးဗစ်​ဒန်း ၊ဆီလာ ၊ရာမာဇာကီ စသည့်အဓိကကစားသမားများကို ပွဲထုတ်​လာခဲ့သည်​။​
ဟံသာဝတီအသင်းသည်​ အိမ်​ကွင်းအဖွင့်ပွဲဖြစ်သည် နှင့်အညီ ရန်​ကုန်​အသင်းကိုအ​ကောင်းဆုံး ဖိအား​ပေးနိုင်​ခဲ့ပြီး ရန်​ကုန်​အသင်း၏အဆုံးသတ်​​သေချာ မှု​ကြောင့်သာ ယ​နေ့ပွဲစဉ်​ကိုအရှုံးပေးလိုက်​ရခြင်းဖြစ်​သည်​။ယခုပွဲစဉ်​၏အဖွင့်ဂိုးကို ရန်​ကုန်​အသင်းကွင်းလယ်​ကစားသမား ရာမာဇာကီ ကပွဲကစားချိန်​(၄၄)မိနစ်​တွင်​သွင်းယူနိုင်​ခဲ့ပြီး အဆိုပါဂိုးသည်​ MPT Myanmar National League 2018 ပြိုင်​ပွဲ၏အဖွင့်ဂိုးလည်းဖြစ်​သည်​။ဒုတိယပိုင်း (၆၃) မိနစ်​တွင်​ ရန်​ကုန်​အသင်းတိုက်စစ်မှူး ဆီလာက ဟံသာဝတီအသင်းဂိုးသမား အမှားမှတဆင့်ဂိုးသွင်းယူနိုင်ခဲ့သည်​။ဟံသာဝတီအသင်း၏​​ချေပဂိုး ကို​တော့​နောက်​ခံလူမိုက်​ကယ်​က ပွဲကစားချိန်​ (၆၆)မိနစ်​တွင်​ ကန်​သွင်းယူနိုင်​ခဲ့ခြင်းဖြစ်​သည်​။လက်​ကျန်​မိနစ်​များမှာ​တော့ နှစ်​ဘက်​အသင်းကစားသမားများ အခွင့်အ​ရေးများကိုယ်​စီ ရရှိခဲ့​သော်​လည်း ဂိုးသွင်းယူနိုင်​ခဲ့ခြင်းမရှိပဲ ပွဲပြီးဆုံးခဲ့သည်​။

MPT Myanmar National League 2018 (Week-1)

Hantharwady Uninted F.C 1 - 2 Yangon United F.C

Yamazaki (44)' (Yangon)
Sylla (63)'  (Yangon)
Micheal (66') (Hantharwady)

Full Time

Saturday, January 13, 2018

ပွဲဦးထွက် မကွေးအသင်းထံမှ အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် တန်းတက် မြဝတီအက်ဖ်စီ အသင်း

MPT Myanmar National League 2018 အဖွင့်ပွဲစဉ်များတွင် သုံးပွဲကစားပြီးချိန်အထိ အနိုင်အရှုံး ရလဒ်ထွက်ပေါ်လာခြင်း မရှိသေးဘဲ သရေရလဒ်များသာ ထွက်ပေါ်ထားသည်။
ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် နာမည်ကြီး မကွေးအက်ဖ်စီအသင်းနှင့် တန်းတက် မြဝတီအက်ဖ်စီ အသင်းတို့ ပွဲတွင် အကြိတ်အနယ် ရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုများကြောင့် ဂိုးမရှိ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြန်သည်။
ပွဲတွင် မြဝတီအသင်းက ရဲဝေယံစိုး၊ဗညားဦး၊ အောင်သူ၊ သက်ပိုင်ကို၊ အောင်မျိုးထွေး စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ရဲဝေယံစိုးကို အထောင်တိုက်စစ်တွင်ထားကာ တန်ပြန်တိုက်စစ်အသုံးပြု၍ မကွေးအသင်းကို ရင်ဆိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် မကွေးအက်ဖ်စီအသင်း၏ ပွဲထွက်လူစာရင်းတွင် နန္ဒကျော်၊ ကျော်ဇင်လွင်၊ မောင်မောင်စိုး၊ အောင်မြင့်ထွန်း၊ ကျော်ဇင်ဖြိုးတို့ အပြင် မြတ်ထွန်းသစ်၊ စိုးလွင်လွင်၊ စိုးမင်းအောင် စသည့် လူငယ်ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ခဲ့သည်။
ယနေ့ပွဲတွင် မကွေးအသင်းအနေဖြင့် တန်းတက်မြဝတီ အသင်း၏ မာမာထန်ထန် တုံ့ပြန် ကစားဟန်ကြောင့် အခက်တွေ့ခဲ့ရပြီး မြဝတီအသင်း၏ ခံစစ်ပိုင်းကလည်း အကောင်းဆုံးအနေအထားတွင် ရှိနေခဲ့သည်။
ထို့အတူ မြဝတီအသင်းတိုက်စစ်မှူး ရဲဝေယံစိုးမှာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အပြင် အသင်းအတွက် အခွင့်အရေးကောင်းများ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ရာသီ ပြည်ပကစားသမား အသုံးပြုခြင်း မရှိသည့် မကွေးအသင်းသည် အချိတ်အဆက် လွဲချော်မှုများ မြင်တွေ့ခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အခွင့်အရေးအချို့ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသဖြင့် ပွဲဦးထွက် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

Myawady FC 0-0 Magwe(FT)

MPT Myanmar National League 2018 ပွဲစဉ် (၁) မြဝတီအက်ဖ်စီ ၀-၀ မကွေးအက်ဖ်စီ ပွဲအပြီး နှစ်ဖက်အသင်းနည်းပြ ပြောစကားများ

ပထမဆုံးပွဲဆိုတော့ အနိုင်ရလဒ်လိုချင်တာပေါ့နော်။ နိုင်ဖို့ အခွင့်ရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်အသင်းဆိုတာလည်း ဖွဲ့စည်းတည်ဆောက်ထားတာ ကြာနေပြီဆိုတော့ ထင်သလောက်တော့ ဖြစ်မလာခဲ့ဘူး။ဂျီအက်ဖ်အေ အသင်းနဲ့ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။
ဦးဇင်ထူး(မြဝတီအသင်းနည်းပြချုပ်)

အသင်းက လူငယ်ကစားသမားတွေများတယ်။ ယူ-၂၁ အသင်းက ၈ ယောက်လောက်ပါတယ်။ သရေကျပေမယ့် ကစားသမားတွေစွမ်းဆောင်ရည်အပေါ် ကျေနပ်ပါတယ်။ လာမယ့်ပွဲတွေ ရလဒ်ကောင်းရဖို့ ဆက်ပြီးကြိုးစားသွားမှာပါ။ ပြည်ပကစားသမားတွေမပါလို့ အခုလို ရလဒ်မျိုးထွက်ခဲ့တာ မဟုတ်ပါဘူး။
ဦးအောင်ဇော်မျိုး(မကွေးအသင်းနည်းပြချုပ်)

သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ဇွဲကပင်အသင်းသည် ရာသီအစ ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်အသင်းကို ဒုက္ခပေးလေ့ရှိသည့်အတိုင်း ယနေ့ပွဲစဉ်၌လည်း လက်ရှိချန်ပီယံအသင်းဆီက သရေတစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ဇွဲကပင်အသင်းမှ ဒိုးဆက်ကီး၊ သက်လွင်ဝင်း၊ ဒေါ့ဆန်းတို့စ်၊ ရန်ကျော်ထွေး၊ ပြုံးချို၊ နိုင်ဇေယျာထွန်း စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သည်။ ပထမပိုင်း ၃၈ မိနစ်တွင် ဒေါ့ဆန်းတို့စ် အပြင်ကန်သွင်းမှု တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည့်နည်းတူ ပွဲပြီးရန် မိနစ်ပိုင်းအတွင်း ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဂိုးရလုနီးပါးဖြစ်ခဲ့သော်လည်း ပြိုင်ဘက်ဂိုးသမား ပုတ်ထုတ်ခဲ့သဖြင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။
ဧည့်သည်ရှမ်းယူနိုက်တက်အသင်းသည် သီဟစည်သူ၊ ထိုက်ထိုက်အောင်၊ ဟိန်းသီဟဇော်၊ တင်းဝင်းအောင်၊ နိုင်လင်းထွန်း တို့အပြင် အသစ်ခေါ်ယူထားသည့် ပက်ထရစ်၊ ဝီလျံ၊ လီဟန်ကွတ် စသည့် ကစားသမားများဖြင့် ပေါင်းစပ်ယှဉ်ပြိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခဲ့သည်။ သို့သော် အပိုင်အခွင့်အရေးဖန်တီးမှု အပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် ရာသီအဖွင့် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်က မုံရွာကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေရလဒ်ဖြင့်ပင် ပြီးဆုံးခဲ့သည်။
ဇန်နဝါရီ ၁၃ ရက်တွင် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ တတိယနေ့ ပွဲစဉ်အဖြစ် အောင်ဆန်းကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် မကွေးအက်ဖ်စီ အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

စစ်ကိုင်းယူနိုက်တက်အိမ်ကွင်းဖွင့်ပွဲနှင့် MPT Myanmar National League 2018 ပထမဆုံးအဖွင့်ပွဲစဉ်အပေါ် MPT COO ထုတ်ဖော်ချီးကျူး

ယခုရာသီတွင် MNL 1 ပြိုင်ပွဲသို့တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်လှစ်ပွဲအခမ်းအနားနှင့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲ၏ပထမဆုံးပွဲစဉ်အဖြစ် အိမ်ရှင်စစ်ကိုင်းယူနိူက်တက်နှင့် ရခိုင်ယူနိုက်တက်တို့၏ပွဲစဉ်ကို ယမန်နေ့ မွန်းလွှဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိူင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နှင့် MNL ကလပ်အသင်းပိုင်ရှင်များ၊ MNL Partner MPTမှ Chief Operating Officer Mr. Yoshiaki Benino ၊ Dy COO ဦးနိုင်ကိုကိုနှင့် တိုင်းမန်နေဂျာအပါအဝင် ဒေသခံဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီဒီယာများနှင့် ကွင်းလုံးပြည့်ဘောလုံးပရိသတ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းယူနိုက်တက်အသင်း အိမ်ကွင်းဖွင့်ပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ရာသီအသစ်ပထမဆုံးပွဲစဉ်အဖြစ် အိမ်ရှင်စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာလည်း အလွန်အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းခဲ့၍ ပရိသတ်အကြိုက် ပွဲကောင်းဖြစ်ခဲ့သည်။
အဆိုပါကွင်းဖွင့်ပွဲနှင့် ရာသီအဖွင့်ပွဲစဉ်နှင့် ပတ်သက်၍ MNL ၏ Partner ဖြစ်သည့် MPT ၏ COO ဖြစ်သူ Mr Yoshiaki Benino က "ဒီကနေ့အခမ်းအနားအစီအစဉ်တွေက တော်တော်ပြည့်စုံပြီး ကောင်းမွန်သလို ၂၀၁၈ ရာသီအသစ် ပထမဆုံးပွဲမှာ ပရိသတ်တွေကို ကွင်းလုံးပြည့် ပျော်ရွှင်တက်ကြွစွာနဲ့ တွေ့ရတာ တကယ်ပဲ အားရမိပါတယ်။ ကစားသွားတဲ့ပွဲကလည်း တကယ်အကြိတ်အနယ်ရှိပြီး စိတ်လှုပ်ရှားဖို့ အရမ်းကောင်းပါတယ်။ ဒီပွဲကို တိုင်းနဲ့ပြည်နယ်အစုံက MPT ရဲ့ဝန်ထမ်းတွေ ကိုယ်စား တက်ရောက်ဖွင့်လှစ်ခွင့်ရရှိတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက်ရောက်ချီးမြှင့်အမှာစကားပြောကြားပေးတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ အပါအဝင် ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။

Friday, January 12, 2018

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor ၊ Kit Sponsor နှင့် Hydration Sponsor ပေးအပ်ခြင်းနှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား ပြုလုပ်

MPT Myanmar National League 2018 ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor ၊ Kit Sponsor နှင့် Hydration Sponsor ပေးအပ်ခြင်းနှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ မနက်ပိုင်းက Goal Hotel ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကျော်၊ AYA Myanmar Insurance မှ Managing Director ဦးမျိုးမင်းသူ၊ Grand Sport မှ Managing Director ဦးအောင်လွင်နှင့် 100 Plus Myanmar မှ Mr Prapas Rattanapas (Head of Marketing)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်း ကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဧရာဝတီယူနိုက်တက်အသင်းကို လက်တွဲတစ်သက်တာ ဧရာမြန်မာအာမခံ (Partner for life) မှ Main Sponsor အဖြစ် ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ Grand Sport မှ Kits Sponsor အဖြစ် အားကစားပစ္စည်းများကို လည်းကောင်း၊ သံဓာတ်အားဖြည့် အချိုရည် 100Plus မှ Hydration Sponsor အဖြစ်လည်းကောင်း လည်းကောင်း ၂၀၁၈ ရာသီအတွက် ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
AYA Myanmar Insurance အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ရာသီမှ စတင်၍ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းကို Main Sponsor အဖြစ် ပံ့ပိုးပေးခဲ့ပြီး ယခုနှစ်အတွက် အဓိကစပွန်ဆာအဖြစ် ဆက်လက် ပံ့ပိုးပေးခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက မြန်မာနေရှင်နယ်လိဂ် အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့ပြီး ယခုနှစ်တွင် အဆင့် ၁ နေရာမှ အဆင့် ၃ အတွင်း ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည်ဟု အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်ကပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြို ဆွေးနွေးသုံးသပ်ချက်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (week-1)ရဲ့ ဒုတိယမြောက် ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းမှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက် တွေ့ဆုံနေတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းဟာ ကစားသမားသစ် အများ အပြားခေါ်ထားသလို နည်းပြချုပ်လဲ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းကတော့ ရန်ကုန်အသင်းနဲ့ ကစားသွားတဲ့ ချာရတီဖလားပြိုင်ပွဲမှာ အကောင်းဆုံး ပုံစံရရှိနေပြီး အကောင်းဆုံးပုံစံနဲ့ ဆက်လက်ပွဲထွက်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ...။
ပြီးခဲ့တဲ့ ၂၀၁၇ ဘောလုံးရာသီ ပထမအကျော့မှာ ဇွဲကပင်အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ထားဖူးပါ တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာကော မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ပေါ်လာဦးမလား..?
ဒီနေ့ ညနေမှာ ကစားမယ့် ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်အပေါ် သောကြာနဲ့ ရဲမင်းဝင်းတို့က ပွဲကြို ဆွေးနွေးသုံးသပ်ပေးထားပါတယ်..။


ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင်အောင် ကြိုးပမ်းမည့် ဇွဲကပင်ယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-1 ၏ ဒုတိယပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက် တက်အသင်းတို့ ကစားကြမည်ဖြစ်ပြီး ဇွဲကပင်အသင်းအနေဖြင့် ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင် အောင် ကြိုးစားသွားမည်ဟု အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်းက ပြောခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီအစ အဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ထို့အပြင် ဒုတိယမြောက်ပွဲစဉ်တွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းနှင့် ထပ်မံ ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ယနေ့ ညနေတွင် စတင်ကစားရမည့် ပွဲဦးထွက် ပွဲစဉ်နှင့် ပတ်သက်၍ ဇွဲကပင် အသင်းနည်းပြချုပ်က “ရှမ်းယူနိုက်တက်က ACL/AFC ဝင်ခွင့်ရထားတဲ့အသင်းပါ။ ရှမ်းအသင်းကော ဒုတိယပွဲကပါ ရန်ကုန်နဲ့ တွေ့မယ်။ သူတို့က AFC ပြိုင်ပွဲအတွက် ပြင်ဆင်နေတော့ ကစားသမားအင်အား ၊ ကစားသမားအရည်အချင်းက အစစ အရာရာသာ တယ်။ ဒါကို ဘယ်လိုမျိုး အကောင်းဆုံး ပြန်ပြီးတော့ အမှတ်ခွဲယူမလဲ ရအောင် ဘယ်လိုကစားမလဲဆိုတာ ပြင်ဆင်နေပါတယ် ‘ဟု ပြောခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီ ပထမအကျော့တွင် ရှမ်းယူနိုက်တက်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့၊ တောင်ကြီးကွင်းတွင် ၂-၀ ဂိုးဖြင့် ပြန် လည် ရှုံးနိမ့်ခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီအတွက် ပြည်တွင်း ကစားသမားအသစ်များ ခေါ်ယူထားသည့်အပြင် ဂျပန် ကစား သမားဟောင်း ကမ်ကိုလဲ ပြန်လည်ခေါ်ယူထားသည်။ ထို့ပြင် ဇွဲကပင်အသင်းသည် ပြည်ပကစားသမားအသစ်များအဖြစ် လိုက်ဘေးရီး ယား ကွင်းလယ်လူ ဆာကေး၊ ပေါ်တူဂီ တိုက်စစ်မှူး ပေါ်လို၊ နောက်ခံလူ ဝက်ဒ်တို့ကို အသစ်ခေါ်ယူထားသည်။

Thursday, January 11, 2018

အိမ်ကွင်းဖွင့်ပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းယူနိုက်တက်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-1 ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်(ယနေ့) ညနေက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက် တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဂိုးရရှိရန် အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြသော်လည်း ပွဲပြီးဆုံးချိန်အထိ တစ်သင်းနှင့်တစ်သင်း ဂိုးမသွင်းနိုင်ခဲ့သည့် အတွက် ဂိုးမရှိ သရေကျခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်စစ်ကိုင်းယူနိုက်တက်အသင်း(ယခင်မဟာယူနိုက်တက်)သည် ၂၀၁၈ ခုနှစ်တွင် နေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်လာသည့် အသင်းဖြစ်ပြီး ပွဲဦးထွက် ပွဲစဉ်တွင် ဧည့်သည် ရခိုင်ယူနိုက် တက် အသင်းထံမှ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် MNL MAX CMENT အမှတ်ပေးပြိုင်ပွဲတွင် အဆင့် ၅ ထိ တက်လှမ်းနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ် သည်။ ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် ရတနာပုံအသင်းနှင့် အဝေးကွင်း သွား ရောက်ကစားရမည်ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည်လည်း လာမည့် ဇန်နဝါရီ ၂၁ ရက်တွင် ဟံသာ ၀တီအသင်းနှင့် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သည်။

Tuesday, January 9, 2018

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် အသင်းနည်းပြချုပ် အပြောင်းအလဲ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲစဖို့ ရက်အနည်းငယ်အလိုမှာပဲ ဇွဲကပင်ယူနိုက်တက်အသင်းဟာ အသင်းနည်းပြချုပ် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဇွဲကပင်အသင်း အပြောင်းအလဲ လုပ်လိုက်တဲ့သူက ဘယ်သူဖြစ်မလဲ......?
နည်းပြသစ်ကရော ဘာများပြောထားလဲ....?

MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦး၊ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၌ တာဝန်ထမ်းဆောင်လျှက်ရှိသည့် အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ယနေ့အခမ်းအနားပြုလုပ်ရခြင်းနှင့် စပ်းလျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦးက မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ ကစားသမားသစ် ခေါ်ယူစာချုပ်ခြင်း မပြုလုပ်မီ မဖြစ်မနေ ကျန်းမာရေး စစ်ဆေးရမည့် အချက်များအား ရှင်းလင်းပြောကြား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်မှ ဒိုင်လူကြီးဥပဒေသများ (Laws of the Games) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကားပြောဆိုရာတွင် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲမတိုင်မီ MFF Charity Cup 2018 ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထို့ကြောင့် နှစ်ဖက်ကလပ်အသင်းများ၊ ဒိုင်လူကြီးများ၊ ပရိသတ်များနှင့် သက်ဆိုင်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် MPT နှင့် Partnership Signing လက်မှတ်ရေးထိုးထားသည့် အချိန်တွင် MPT တာဝန်ရှိသူများမှလည်း ယင်းပွဲစဉ်နှင့် ပတ်သက်၍ ကျေနပ်အားရမှု ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ရာသီသစ်အတွက် အောင်မြင်သည့် ခြေလှမ်းတစ်ရပ်ကို စတင် လျှောက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ယခင်နှစ်များထက် ပရဟိတအဖွဲ့အစည်းများသို့ ပိုမိုလှူဒါန်းနိုင်ခဲ့သည့်အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါကြောင်းပြောကြားသည်။
ဆက်လက်၍ ၎င်းက ပရော်ဖက်ရှင်နယ် စစ်စစ်သို့ ကူးပြောင်းရာတွင် ယနေ့ရှင်းလင်းပြောကြားမည့် အချက်များ မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ကစားသမားများ ကွင်းထဲ၌ လှုပ်ရှားနေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုများ၊ နှလုံးနှင့် သက်ဆိုင်သည့် အရေးပေါ်အခြေအနေများ၊ ကွင်းအတွင်း လဲကျသေဆုံးမှုများ မရှိသေးသော်လည်း ထိုကဲ့သို့ အချိန်မရွေး ကြုံတွေ့လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ဘောလုံးပွဲတစ်ပွဲ၏ အဓိကအချက် Laws of the Game ပင်ဖြစ်ပါကြောင်း၊ ဘောလုံးဥပဒေအား လူတိုင်းသိရှိနားလည်သော်လည်း လူတိုင်း လိုက်နာကျင့်သုံးမှု အားနည်းပါကြောင်း မိမိအသင်း၏ ရပိုင်ခွင့်တစ်ခုတည်းကိုသာ အခြေခံ၍ ဒိုင်လူကြီးများအပေါ် ပိုမိုတောင်းဆိုမှုများ ရှိနေပါကြောင်း၊ Laws of the Game နှင့် ပတ်သက်၍ ပိုမို၍ သိရှိကျွမ်းကျင်လာစေရန် အရေးပေါ်အသက်ကယ်ခြင်း နှင့် ပတ်သက်၍ သိရှိနိုင်စေရန် ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ကလပ်အသင်းများအနေဖြင့် ဆရာဝန်များ၏ အကြံဉာဏ်ပေးအပ်ခြင်းနှင့် ဘောလုံးဥပဒေများနှင့် ပတ်သက်၍ လိုအပ်လျှင် ဖိတ်ကြား၍ ဆောင်ရွက်နိုင်ပါကြောင်း စသဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical Director ဒေါက်တာအောင်ကျော်ဦးက လာမည့်ရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်ရာ၌ နစ်နာမှု မရှိစေရန် ကစားသမားသစ်ခေါ်ယူရာတွင် စစ်ဆေးရန် ပေးပို့ထားသည့် အချက်အလက်များအတိုင်း ကျန်းမာရေး ဆေးစစ်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည့်အချက်များ၊ ကစားသမားများ ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာ အာမခံထားရှိရေးနှင့် ပတ်သက်သည့် အချက်များ၊ ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ လက်ခံကျင်းပမည့် ကွင်းများ၌ အောက်ဆီဂျင်အိုးများ ထားရှိပေးသွားမည့် အခြေအနေများ၊ မြန်မာနေရှင်နယ်လိဂ် အိမ်ကွင်းလက်ခံကျင်းပမည့် နယ်ကွင်းများ၌ ဆေးအဖွဲ့နှင့် လူနာတင်ယာဉ်ထားရှိပေးသွားမည့် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနတာဝန်ခံနှင့် AFC Referee Assessor ဦးထွန်းလှအောင်က IFAB (International Football Association Board) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) တို့မှ လာမည့် ၂၀၁၈ ခုနှစ်အတွက် အထူးဖြည့်စွက်ထားသည့် ဘောလုံးဥပဒေသများနှင့် ပတ်သက်၍လည်းကောင်း၊ ဘောလုံးစည်းမျဉ်းဥပဒေများအား သိရှိနားလည်ထားပါက ဒိုင်လူကြီးအား စောဒကတက်ခြင်းများ နည်းပါးသွားမည်ဖြစ်ကြောင်း ယခုဆိုလျှင် ၂၀၀၉ ခုနှစ်မှ စတင်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ဒိုင်လူကြီးများအပေါ် စောဒကတက်ခြင်းများ လျော့နည်းလာပါကြောင်း၊ ယင်းမှာ ကစားသမားများ၊ အုပ်ချုပ်/နည်းပြများ နှင့် ပရိသတ်များ အနေဖြင့် ယခင်ကထက် ဘောလုံးဥပဒေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနအနေဖြင့် ကလပ်အသင်းများသို့ သွားရောက်၍ ဘောလုံးစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားမှုများ နှစ်စဉ်ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အသင်းများအနေဖြင့် ဥပဒေနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များအပေါ် www.theifab.com သို့ ဝင်ရောက်၍ လေ့လာနိုင်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနသို့ လာရောက်၍လည်း မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ကလပ်အသင်းများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် ပြန်လည်ဆွေးနွေးပြောကြားခြင်းနှင့် ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အချိန်၊ငွေအင်အား၊ လုပ်အား ရင်းနှီး၍ မြန်မာ့ဘောလုံးလောကတိုးတက်ရေး လုပ်ဆောင်နေသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် မနိုင်ချင်သည့် အသင်း မရှိပါကြောင်း၊ ဒိုင်လူကြီးများသည်လည်း လူသားများ ဖြစ်သည့်အလျှောက်အမှားအယွင်းများ ရှိနိုင်ပါကြောင်း၊ ဒိုင်တွေကြောင့် စိတ်ညစ်ရခြင်းများ ရှိပါက ဒိုင်များအပေါ် ကိုယ်ချင်းစာတရား ထားပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု ထားရှိရန်လည်း လိုအပ်ပါကြောင်း၊ သို့သော်ဒိုင်များအနေဖြင့် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုနှင့် လုပ်ပွဲ ဆန်ဆန်မှားယွင်းဆုံးဖြတ်မှုများ မရှိပါကြောင်း၊ ယခင်ကလည်း မရှိသကဲ့သို့ နောင်လည်း ရှိလာမည် မဟုတ်ပါကြောင်း၊ ကလပ်အသင်းများ အနေနှင့်လည်း Laws of the Game နှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်အောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါကြောင်း၊ ယင်းအပြင် ကစားသမားများ၏ နေထိုင်၊စားသောက်မှုပုံစံကိုပါ ဂရုစိုက်ပေးရန် တိုက်တွန်းပါကြောင်း၊ ကစားသမားများ ဒဏ်ရာ အနာတရ ကင်းစင်၍ လိုချင်သည့် ရလဒ်များလည်း ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းစကားပြောကြားပေးခဲ့ကာ ယနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့သည်။

Sunday, January 7, 2018

ရာသီသစ်အတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကြယ်ပွင့် ကစားသမား သုံးဦးအား တစ်ပြိုင်တည်း ခေါ်ယူခဲ့သည့် ရတနာပုံအသင်း

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသည့် ရတနာပုံအက်ဖ်စီ အသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 ပြိုင်ပွဲ အတွက် ကစားသမား ခေါ်ယူမှုကို အရှိန်အဟုန်မြှင့် ပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်။
လာမည့် ၂၀၁၈ ဘောလုံးရာသီအား ပြည်တွင်းကစားသမားများဖြင့်သာ ဖြတ်သန်းမည်ဟု ဆိုထားခဲ့သည့် ရတနာပုံ အသင်းအနေဖြင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းမှ အားထားရသည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ကွင်းလယ်ကစားသမားများဖြစ်သည့် ပြည့်စုံနိုင်နှင့် မြတ်ကောင်းခန့် တို့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံအက်ဖ်စီ အသင်းသည် မြန်မာဘောလုံးအကယ်ဒမီထွက်-မန္တလေး ကစားသမားသုံးဦးအား တစ်ရာသီ သဘောတူစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရှိထားရသည်။ ချန်ပီယံဟောင်း ရတနာပုံ အသင်းအနေဖြင့် သက်နိုင်၊ သိန်းသန်းဝင်း အစရှိသည့် စီနီယာ ကစားသမားများကို သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည့် အပြင် ချမ်းငြိမ်းကျော် (ဂိုး)၊ နောက်ခံလူများဖြစ်သည့် ထလွန်ဟုတ်ထန်း၊ အောင်ဝဏ္ဏစိုးနှင့် တောင်ပံတိုက်စစ်ကစားသမား ဘီဘီတို့ကိုလည်း ခေါ်ယူထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နည်းပြသစ် ဦးအောင်ကျော်မိုး ဦးဆောင်လာမည့် ရတနာပုံအသင်း၏ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် ခေါ်ယူမှုမှာ ၇ ဦး အထိ ရှိလာခဲ့သည်။
ရာသီသစ်အတွက် အသင်း၏ အဓိက တိုက်စစ်မှူး အောင်သူကို လက်လွှတ်လိုက်ရသည့် အနေအထားတွင် ဝင်းနိုင်စိုး၊ ရှိုင်းသူရ၊ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ ဘီဘီ အစရှိသည့် လူငယ် တိုက်စစ် အစုအဖွဲ့ဖြင့် ပွဲထွက်လာမည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အသင်း၏ MPT Myanmar National League 2018 ရာသီတွင် ဘယ်အတိုင်းအတာအထိ ခရီးပေါက်မည်လဲဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။

လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ရတနာပုံအသင်းခန့်အပ်

MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းသည် အသင်း၏ ကစားသမားဟောင်း ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် ၂၀၁၇ ဘောလုံးရာသီအပြီးတွင် ရတနာပုံအသင်းမှ အနားယူခဲ့သူဖြစ်ပြီး နည်းပြလောကသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူဖြစ်သည်။
ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က “ရန်ပိုင်က ရတနာပုံအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တယ်။ သူကလည်း နည်းပြအဖွဲ့ထဲမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ နည်းပြ အဆင့်သတ်မှတ်ချက်အရ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခွင့် မရှိသေးဘူး။ ဒါကြောင့် နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ရန်ပိုင်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် နိုဝင်ဘာ အတွင်းက အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် စီ လိုင်စင် နည်းပြ သင်တန်းကို တက်ရောက်ထားသည်။ ရန်ပိုင်သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်သည့် ၂၀၀၉ ခုနှစ် ကတည်းက ရတနာပုံအသင်းတွင် ကစားခဲ့ပြီး အသင်းနှင့် အတူ အမှတ်ပေးဆုဖလား ၄ ကြိမ်၊ ရှုံးထွက်ဖလား ၂ ကြိမ် နှင့် AFC President’s Cup တစ်ကြိမ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလားအား ရန်ကုန်ယူနိုက်တက်အသင်း ဆွတ်ခူး

ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလား ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ၆-၄ ဂိုးဖြင့် အနိုင်ယူပြီး MFF Charity Cup 2018 ကို ရယူနိုင်ခဲ့သည်။
ရာသီကြို ကွင်းဖွင့်ဖလားပွဲစဉ်ဖြစ်သည်နှင့် အညီ နှစ်သင်းစလုံးက ရာသီသစ်အတွက် ခေါ်ယူထားသည့် ကစားသမားများ အစုံအလင်ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက တိုက်စစ်မှူး ပက်ထရစ်၏ သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်းအတွက် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး ဆိုင်လာက ချေပဂိုးနှင့် ဦးဆောင်ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး ရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့် ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် သုံးမိနစ်အကြာတွင် ရှမ်းအသင်းချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးအား အဖွင့်ဂိုးရှင် ပက်ထရစ်ကပင် ရယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် တစ်ဖက်နှင့် တစ်ဖက်ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဆက်လက် ကန်သွင်းယူခဲ့ရသည်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ရန်ကုန်အသင်းမှ ကွင်းလယ်လူ ယာမာဆာကီမှ လွဲ၍ မွန်ကာလူး၊ အီမန်နျူရယ်၊ ဆိုင်လာ၊ ငြိမ်းချမ်းအောင်တို့၏ ကန်သွင်းမှု ဂိုးဝင်ခဲ့သည်။ သို့သော် ရှမ်းအသင်းမှ စိုးမင်းဦး၊ ပက်ထရစ်တို့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သော်လည်း ထိုက်ထိုက်အောင်၊ လီဟန်ကွတ်တို့ ပင်နယ်တီ လွဲချော်ခဲ့သဖြင့် ၆-၄ ဂိုးဖြင့် ရန်ကုန်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်အသင်းမှာ ရာသီကြို ကွင်းဖွင့်ဖလားကို တတိယအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Wednesday, January 3, 2018

ရတနာပုံ အသင်းမှာ မြန်မာ ယူ-၁၉ အသင်းမှ လူငယ်ကစား သမားများဖြစ်ကြသည့် ဝင်းနိုင်ထွန်း ၊ ပြည့်စုံနိုင် နှင့် မြတ်ကောင်းခန့် တို့အား တရားဝင်ခေါ်ယူ

ရတနာပုံ အသင်းမှာ 2018 MPT Myanmar National League အား ပြည်တွင်းကစား သမားဖြင့်သာယှဉ်ပြိုင် သွားမည်နှင့် အညီ ပြည်တွင်း လူငယ်ကစား သမားများအား ဦးစားပေး ခေါ်ယူမှု ပြုလုပ် ခဲ့ပြီး ယခုအခါမြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့တွင် ခြေစွမ်းပြ ကစားခဲ့သည့် ဝင်းနိုင်ထွန်း(ရှေ့တန်း) ၊ပြည့်စုံနိုင် (အလယ်တန်း) ၊ မြတ်ကောင်းခန့်(အလယ်တန်း) တို့အားမြန်မာ ဘောလုံး အကယ်ဒမီ (MFF) မှတရားဝင် အပြီးသတ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ရတနာပုံ အသင်းအနေဖြင့် ယခုရာသီ 2018 MPT Myanmar National League ပြိုင်ပွဲကြီးအတွက်ပြည်တွင်း ကစားသမား (၇) ဦးခေါ်ယူမှု ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့မှာ –

(၁) ချမ်းငြိမ်းကျော် (ဂိုး)
(၂) တလွန်ဟုတ်ထျန်း (နောက်တန်း)
(၃) ဘီဘီ(အလယ်တန်း)
(၄) အောင်ဝဏ္ဏစိုး (နောက်တန်း)
(၅) ဝင်းနိုင်ထွန်း (ရှေ့တန်း)
(၆) ပြည့်စုံနိုင် (အလယ်တန်း)
(၇) မြတ်ကောင်းခန့် (အလယ်တန်း) တို့ဖြစ်ကြသည်။

ဘောလုံးပွဲအားပေးရင်း ကုသိုလ်ထူးကြုံခွင့်ရမည့် ရာသီကြို MFF Charity Cup ပြိုင်ပွဲ

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် MPT Myanmar National League ပြိုင်ပွဲအကြို MFF Charity Cup 2018 ပြိုင်ပွဲ (ရန်ပုံငွေဖလားပွဲစဉ်)ကို ဇန်နဝါရီ ၇ ရက် ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်း ၌ ကျင်းပသွားမည်ဖြစ်သည်။
MPT Myanmar National League 2018 ရာသီကြို ကွင်းဖွင့်အလှူရန်ပုံငွေဖလား အဖြစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေးဇယား ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
ပြိုင်ပွဲ၏ စည်းကမ်းသဘောတရားအရ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ၂၀၁၇ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းက ပြိုင်ပွဲနှစ်ရပ်စလုံး၌ ချန်ပီယံဖြစ်ခဲ့သောကြောင့် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်အနေဖြင့် တိုင်းပြည်၏ လူမှုရေးလုပ်ငန်းများ၌ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ရန်နှင့် ကလပ်အသင်းများ၏ ရာသီကြို ခြေစွမ်းကို ပရိသတ်များ ခံစားသုံးသပ်နိုင်စေရန် အဆိုပါ ရန်ပုံငွေဖလားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ထိုပွဲစဉ်အတွက် ကွင်းဝင်ကြေးကို အထူးတန်း ၂၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့် အလှူရှင်များ၏ လှူဒါန်းငွေများကို ပရဟိတကျောင်းများသို့ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်သည်။ထို့ကြောင့် ပရိသတ်များအတွက် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ အကြိတ်အနယ် အားပြိုင်မှုအဖြစ်သာမက ဘောလုံးပွဲကြည့်ရှုရင်း အလှူရှင်တစ်ဦးအဖြစ်ပါ ပါဝင်ဖြည့်ဆည်းခွင့် ရရှိမည့် ပြိုင်ပွဲလည်း ဖြစ်၍ နေပါသည်။
ထို့ပြင် ယင်းပွဲစဉ်၌ ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းထားပြီး ပြိုင်ပွဲမတိုင်မီ မွန်းလွဲ ၂ နာရီမှ စတင်၍ မင်းမော်ကွန်း၊ သူထူးစံ၊ မိုးမိုး၊ လွှမ်းပိုင်|ယုန်လေး၊ ဟဲလေး၊ နိုင်းဝမ်း၊ မိုးယံဇွန်း၊ မင်းသွေး၊ D ဖြိုး၊ Wai လျှံ၊ သားသား၊ ဖြိုးပြည်စုံ၊ အိမ့်ချစ်၊ Bobby Soxer |ဂေးဂေး၊ ချာချာ စသည့် နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် နှစ်သစ်ကူးအခါသမယ၌ ဘောလုံးပွဲ အားပေးကြည့်ရှုရင်း ကုသိုလ်ထူး ပါရမီ ဖြည့့်ဆည်းခွင့်ရမည့် ရာသီကြို MFF Charity Cup ပွဲစဉ်အား မြန်မာဘောလုံးပရိသတ်များ အတူတကွ လာရောက်အားပေးကြည့်ရှုကြရန် လေးစားစွာ ဖိတ်ခေါ်လိုက်ရပါသည်။